
မန္တလေး – ချမ်းမြသာစည်မြို့နယ်တွင် ဘုန်းကြီးကျောင်းအမည်ခံကာ လက်နက်ကိုင်
ဆောင်ထားသည့် ဘုန်ကြီးတစ်ပါးဦးဆောင်ပြီး ဒေသခံလူငယ်များကို ဖမ်းဆီးငွေညှစ်ခြင်း၊ ငွေမပေးနိုင်သူများကို စစ်တပ်ထံသို့ အတင်းအဓမ္မ ရောင်းစားခြင်းနှင့် ကျူးကျော်မြေသိမ်းဆည်းခြင်းများကို ဆက်တိုက်ကျူးလွန်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါဖြစ်စဉ်များသည် ချမ်းမြသာစည်မြို့နယ်၊ ၄၇ လမ်းနှင့် ၁၂၀ လမ်းထောင့်တွင် တည်ရှိသော “ဓမ္မဂုဏ်ရည်” စာသင်တိုက်တွင် ဖြစ်ပွားနေခြင်းဖြစ်သည်။
အဆိုပါကျောင်းတိုက်အား ဦးစန္ဒာသီရိ အမည်ရ ဘုန်းကြီးတစ်ပါးက ဦးဆောင်နေပြီး ၎င်းကိုယ်တိုင် သေနတ်ကိုင်ဆောင်ထားကာ စစ်တပ်အရာရှိများနှင့် ပူးပေါင်း၍ တရားမဝင်လုပ်ငန်းများကို လုပ်ကိုင်နေခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများနှင့် နစ်နာသူများက ဆိုသည်။
ယင်းကဲ့သို့ သေနတ်ကိုင်ဆောင်ပြီး ဦးဆောင်နေသည့် ဦးစန္ဒာသီရိ အမည်ရ ဘုန်းကြီးသည် ရက်ကွက်လူမိုက် ပျူစောထီးမှ ဘုန်းကြီးအဖြစ် သင်္ဃန်းအရည်ခြုံထားသူ ဖြစ်သည်။

အဆိုးရွားဆုံးဖြစ်စဉ်အနေဖြင့် ယင်းအဖွဲ့သည် အနီးနားရှိ လူငယ်များကို ကျောင်းဝင်းအတွင်းသို့ အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားလေ့ရှိသည်။
ထို့နောက် မိသားစုဝင်များထံမှ ငွေကျပ် သိန်း ၅၀ ဖြင့် လာရောက်ရွေးချယ်ခိုင်းပြီး၊ ငွေကြေးမတတ်နိုင်သည့် မိသားစုများ၏ သားသမီးများကို စစ်တပ်ထံသို့ တပ်သားသစ်အဖြစ် ရောင်းစားလျက်ရှိကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများထံမှ အတည်ပြုသိရှိရသည်။
လုံခြုံရေးအရ ဖြစ်စဉ်ရက်စွဲများကို အတိအကျထုတ်ဖော်ပြောဆိုခြင်း မပြုသော်လည်း အဆိုပါ ဖမ်းဆီးရောင်းစားမှုများမှာ လက်ရှိအချိန်အထိ ဖြစ်ပေါ်နေဆဲဖြစ်သည်။

ယင်းကျောင်းတိုက် တည်ရှိရာနေရာသည် လွန်ခဲ့သော ၄ နှစ်ဝန်းကျင်ခန့်ကတည်းက ဒေသခံများ၏ အိမ်ခြေ ၅၀ မှ ၁၀၀ ခန့်ရှိသည့် လူနေအိမ်ငယ်များနှင့် ဆိုင်ခန်းများကို အတင်းအဓမ္မ ရိုက်နှက်ဖျက်ဆီး မောင်းထုတ်ကာ မြေနေရာရယူထားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ထို့နောက် စစ်တပ်နှင့် ပူးပေါင်းကာ သာသနာ့အလံများစိုက်ထူ၍ ကျောင်းတိုက်အဖြစ် ဗန်းပြတည်ဆောက်ခဲ့ပြီး၊ ယခုအခါတွင်လည်း အနီးနားရှိ မြေနေရာများကို ဆက်လက်ချဲ့ထွင်သိမ်းဆည်းကာ ပြန်လည်ရောင်းစားခြင်းများပါ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

ဦးစန္ဒာသီရိ၏ နောက်လိုက်များဖြစ်သည့် သားငယ်၊ ခေါင်းဖြူနှင့် နှုတ်ခမ်းမွှေး အစရှိသူတို့သည်လည်း ရွာရှည်ရပ်ကွက်အတွင်း လုယက်ခြင်း၊ ဒေသခံလူငယ်များကို ဖမ်းဆီးခြိမ်းခြောက်ခြင်းများ ပြုလုပ်လျက်ရှိသည်။
အထူးသဖြင့် ‘သားငယ်’ ဆိုသူမှာ အိမ်ခြံမြေ စာချုပ်စာတမ်း အတုများဖြင့် လိမ်လည်လုပ်စားခြင်း၊ ရမ်းကားခြင်းများ လုပ်ဆောင်လေ့ရှိပြီး လူသတ်မှုကျူးလွန်ထားသော်လည်း အရေးယူခံရခြင်းမရှိဘဲ လွတ်ကင်းနေသူဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါ “ဓမ္မဂုဏ်ရည်” ကျောင်းတိုက်အတွင်း စစ်ဝတ်စုံဝတ်ဆင်ထားသူများနှင့် သေနတ်ကိုင်ဆောင်ထားသူများကို တွေ့မြင်ရကြောင်း ဒေသခံများက အတည်ပြုထားသည်။
သို့သော် ယင်းကဲ့သို့ ပြည်သူများအပေါ် မတရားဖမ်းဆီး ငွေညှစ်ခြင်းနှင့် မြေယာသိမ်းဆည်းမှုများ ကျူးလွန်နေသည့်တိုင် သက်ဆိုင်ရာမှ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်မှု မရှိသေးပေ။
