ရေးသားသူ- မိုင်းသူ

‘နိုင်ငံရေး မတည်ငြိမ်မှုတွေရဲ့ အကျိုးဆက်က ကျွန်မတို့လို သာမန် ပြည်သူတွေရဲ့ ထမင်းအိုပေါ် တိုက်ရိုက်ရောက်လာတာပါပဲ။ ကုန်စျေးနှုန်းတွေက အရင်ကထက် နှစ်ဆ၊ သုံးဆ တက်လာတော့ ကျွန်မတို့လို လက်လုပ်လက်စား သမားတွေအတွက် ပိုပြီး အသက်ရှူကြပ်လာတာပေါ့။ အခု အခြေအနေကြီးကို ဘယ်သူ့ကို သွားပြောရမှာလဲ။ ဘယ်သူ့ကို အပြစ်တင်ရမလဲလဲ မသိတော့ဘူး။ စိတ်ထဲမှာလည်း ဝမ်းနည်းမိတယ်။ ကိုယ်ဖြစ်ချင်ခဲ့တဲ့ မိသားစုဘဝလေးက ဒီလို မဟုတ်ခဲ့ဘူးလေ။ခုက ဘဝက မရေရာဘူး။ နေ့စဉ် ရုန်းကန်ရတာ ပင်ပန်းတဲ့အပြင် စိတ်ထဲမှာ အမြဲ စိုးရိမ်နေရတယ်။ ဒါမဲ့လည်း လောကဓံကို အံတုပြီး ကလေးတွေ မျက်နှာ ကြည့်ပြီး ကြံ့ကြံ့ခံနေရတာပါပဲ’ ကလေးနှစ်ယောက်မိခင် အိမ်ရှင်မ တစ်ဉီးဖြစ်သည့် မအေးအေးမြင့်က အဆမတန် မြင့်တက်လာသော ကုန်းစျေးနှုန်းများကြောင့် မိသားစု အဆင်မပြေ ကြပ်တည်းလာသည့်အပေါ် ဖွင့်ဟပြောသည်။
သုံးဘီးဆိုင်ကယ်မောင်းသည့် လင်ယောကျ်ားဖြစ်သူ၏ ဝင်ငွနှင့် မလောက်ငတော့သည့်အတွက် ကလေးနှစ်ယောက် မိခင်၊ မအေးအေးမြင့်က စက်ချုပ်သင်ပြီး အိမ်မှာပဲ စက်ချုပ်စက်အဟောင်းတစ်လုံးဝယ်ယူပြီး အထည်ချုပ်က ချုပ်ထည်တွေကို ယူချုပ်နေရသူ ဖြစ်သည်။ အပြင်ထွက်အလုပ်လုပ်ရန်မှာလည်း နာတာရှည် ရောဂါသည် မိခင်နှင့် ကျောင်းတက်နေရသည့် ကလေးနှစ်ယောက် တာဝန်က ရှိနေသေးသည့်အတွက် အဆင်မပြေ ဖြစ်ရသည့်အတွက် မအေးအေးမြင့်အတွက် အိမ်မှာ ယူလုပ်လို့ရသည့် အလုပ်အကိုင်မျိုးကိုသာ ရွေးချယ်ပြီး ည ၁၁ ဝန်းကျင် အထိ တကုတ်ကုတ်နှင့် အားသည့် အချိန်တိုင်း အထည် အရေအတွက် များများရေအောင် ချုပ်ပြီး မိသားစုတာဝန်ကို ဖဲ့ယူနေရသူလည်း ဖြစ်ပါသည်။
၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အတွင်း အဆမတန် တဝုန်းထိုး မြင့်တက်လာသော ကုန်စျေးနှုန်းတွေက ပြည်တွင်းနေထိုင်သူ အခြေခံလူတန်းစား လက်လုပ်လက်စား ပြည်သူများ၏ အသက်ရှင်နေထိုင်ရေး အတွက် အလွန်ကြောက်မက်ဖွယ်ရာ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာခဲ့သည်။ ထိုအထဲတွင် မိသားစုစီမံခန့်ခွဲရေး တာဝန်သာမက မိသားစု ဝင်ငွေ စီးဆင်းမှုကိုပါ ပူးတွဲ တာဝန်ယူနေရသော မအေးအေးမြင့်တို့လို အခြေခံလူတန်းစားအိမ်ရှင်မ များအနေဖြင့် စိုးရိမ်ဖွယ်ရာ စိတ်ဖိစီးမှုဖြစ်လာခဲ့ရသည်။ အိမ်ထောင်စုတစ်ခုအတွင်း ငွေကြေးစီမံခန့်ခွဲရသော အမျိုးသမီးများအနေဖြင့် အဆမတန် ကြီးမြင့်လာသော ကုန်စျေးနှုန်း၊ ငွေကြေးဖောင်းပွမှုများသည် စိတ်ပင်ပန်း၊လူပင်ပန်း ဖြစ်စေသော အကြောင်းအရင်းများပင် ဖြစ်သည်။
ရရှိလာသည့် ဝင်ငွေကို မည်မျှပင် ချွေတာစေကာမူ ကုန်စျေးနှုန်းကို မထိန်းချုပ်နိုင်သည့်အတွက် အိမ်ရှင်မအမျိုးသမီးများအတွက် ကိုယ်တိုင်အပြင်မှာ ဝင်ငွေ အရှာထွက်ရခြင်း၊ ငွေကြးစီမံမှု ကြပ်တည်းလာရခြင်းများကြောင့် အနာဂတ်ပျောက်သလို ဖြစ်လာကြရသည်။ မိမိ လင်ယောကျ်ား၏ ဝင်ငွေတစ်ခုတည်းဖြင့် မလောက်ငှတော့သည့် အခြေအနေများတွင် အိမ်ရှင်မများမှာ မိမိတို့ ကျွမ်းကျင်သော အလုပ်များ မဟုတ်သည့်တိုင် အောက်ခြေအလုပ်များထိ ဆင်းပြီး မိသားစုတာဝန်ကို ဖဲ့ယူလာကြရပြီး စီးပွားရေးအရ ဖိအားပေးခြင်းကို ခံနေကြရပါသည်။
အသက် ၄၃နှစ်အရွယ် CDM ကျောင်းဆရာမ၊ အခု ရပ်ကွက်စျေးတွင် ကုန်စိမ်းရောင်းနေသော မလွင်လွင်က အသက် ၇၀ အရွယ် မိခင်နှင့် မိဘမဲ့ တူနှစ်ယောက်၏ စရိတ်ကို ထမ်းရင်း ဘဝအခက်အခဲများကို ကြံ့ကြံ့ခံကာ ရှာဖွေကျွေးမွေးရင်း ရုန်းကန်နေသူ ဖြစ်ပါသည်။
သူမက ‘ကျောင်းဆရာမ ဘဝကနေ ဒီလို ကုန်စိမ်းသည် ဘဝ ရောက်သွားတော့ အစပိုင်းမှာတော့ အားငယ်သလိုလို အသားမကျတာမျိုး ရှိတယ်။ ဒါမဲ့ ဒီ အလုပ်လေးကပဲ အမေ ကျန်းမာရေးစရိတ်နဲ့ တူနှစ်ယောက်ရဲ့ ကျောင်းစရိတ် တစ်အိမ်သားလုံးရဲ့ မိသားစုစရိတ်ကို ရစေတယ်လေ။ ဂုဏ်သိက္ခာဆိုတာထက် လိပ်ပြာလုံစွာ အသက်ရှင်သန်ရေးက ကျွန်မအတွက် ပို အရေးကြီးတယ်ဆိုတဲ့ စိတ်နဲ့ အားတင်းရင်း တစ်နေ့ပြီး တစ်နေ့ ကျော်ဖြတ်ပါတယ်။ ယောကျ်ားယူဖို့လည်း အစီအစဉ်မရှိတော့ပါဘူး။အိမ်ထောင်ပြုလိုက်မှ မိဘရော တူနှစ်ယောက်ပါ ဒုက္ခ ရောက်မှာလည်း စိုးလို့ပါ။ အဖြူအစိမ်းဝတ်စုံကို လွမ်းသလားဆိုတော့ အမှန်အတိုင်းပြောရင် လွမ်းတယ်။ ဒါမဲ့ ကျွန်မရွေးချယ်ခဲ့တဲ့ လမ်းပဲဆိုတော့ အဆုံးထိသွားမှာပါ’ ဟု ကုန်စျေးတောင်းများကို ချနေရာက နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ရင်း ပြောသည်။
အမျိုးသမီးဉီးဆောင်နေရသော အခြေခံလူတန်းစား မိသားစု ဖြစ်သည့်အတွက် စားစရိတ်၊ကျန်းမာရေးစရိတ်၊ ကျောင်းစရိတ်များကို အလျင်မီအောင် ရုန်းကန်ရင်း အဆမတန် မြင့်တက်လာသော ကုန်စျေးနှုန်းများ၊ ငွေကြေးဖောင်းပွမှုများကြောင့် စီးပွားရေး ကြပ်တည်းလာမှုဒဏ်များကို နေ့စဉ် ရင်ဆိုင်နေရသည့် မလွင်လွင်က အိမ်ပြန်ရောက်တိုင်း မိခင်နှင့် တူနှစ်ယောက်၏ မျက်နှာကို ကြည့်ရင်း အားတင်းရတာပါပဲဟု ဖွင့်ဟခဲ့သည်။
‘လွင်လွင် နင် လဲမကျနဲ့။ နင် လဲကျရင် သူတို့လေးတွေ ဘယ်သူ့ကို အားကိုးမလဲဆိုပြီးပဲ ကိုယ့်ကိုယ်ကိုယ် အားပေးရတာပေါ့’ ဟု မလွင်လွင်က ဆက်ပြောသည်။
လတ်တလော မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေးနှင့် ဆင်းရဲနွမ်းပါးမှု အခြေအနေများနှင့် ပတ်သက်ပြီး ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာများနှင့် အခြားသော လေ့လာမှုများမှ တွေ့ရှိချက်များအရ ၂၀၂၄ ခုနှစ် ကောက်ယူခဲ့သော စစ်တမ်းများတွင် ဆင်းရဲနွမ်းပါးမှုနှုန်းမှာ ၃၁ ရာခိုင်နှုန်းခန့်ရှိနေပြီး၊၂၀၁၇ ခုနှစ်၏ တရားဝင်စာရင်းများဖြစ်သော ၂၄.၈ ရာခိုင်နှုန်းထက် သိသာစွာ မြင့်တက်လာခဲ့ပါသည်။ အချို့သော သီးခြား လေ့လာမှုများကမူ လူဉီးရေ၏ ထက်ဝက်ခန့်သည် ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်တွင် ရောက်ရှိနေသည်ဟုပင် ခန့်မှန်းထားကြပါသည်။ ၂၀၂၁ စစ်အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှုများအပြင်၊ ၂၀၂၅ ခုနှစ် မတ်လက ဖြစ်ပွားခဲ့သော ငလျင်ဘေးဒဏ်ကြောင့် စီးပွားရေး ထိခိုက်မှုများ ပိုမို ဆိုးရွားလာခဲ့ပြီး ငလျင်ဒဏ်ကြောင့် ရုပ်ပိုင်းဆိုင်ရာ ပျက်စီးဆုံးရှုံးမှုမှာ အမေရိကန် ဒေါ်လာ ၁၁ ဘီလီယံခန့်ရှိကာ ပြည်သူ သန်းပေါင်းများစွာ၏ ဝင်ငွေနှင့် စားဝတ်နေရေးကို တိုက်ရိုက် ထိခိုက်စေခဲ့ပြန်ပါသည်။
ဒီလို အခြေအနေများကြောင့် ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်နေခြင်းက ပြည်သူများ၏ ဝယ်ယူသုံးစွဲနိုင်စွမ်းကို လွန်စွာ လျော့နည်းလာစေပြီး ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၅ ခုနှစ်အတွင်း အလွန် မြင့်မားခဲ့ကာ ယခု ၂၀၂၆ ခုနှစ်တွင်လည်း ဒီထက်မက တရိပ်ရိပ် မြင့်မားလျက်ရှိဆဲပင် ဖြစ်သည်။ဒီလို ကုန်စျေးနှုန်း မြင့်မားမှုများက အခြေခံလူတန်းစား မိသားစုများ၏ ဝင်ငွေနှင့် ဝယ်ယူစားသုံးမှုအပေါ် ကြီးမားသော ဝန်ထုပ် ဝန်ပိုး ဖြစ်စေခဲ့သည်။
နိုင်ကျဉ်းခင်ပွန်းဖြစ်သူအတွက် ဝင်စာစရိတ်၊ တစ်ဉီးတည်းသော သားလေး၏ ကျောင်းစရိတ်၊ မိခင်ဖြစ်သူကို စောင့်ရှောက်ရန် စရိတ်များဖြင့် ရန်ကုန်မြို့ ဆင်ခြေဖုန်း ရပ်ကွက်ငယ်လေးတွင် ဝန်းထမ်း မရှိသော အလှပြင်ဆိုင်သေးသေးလေး ဖွင့်ထားသူ မတင်တင်ဆွေက အားလပ်သည့် အချိန်များတွင်လည်း အွန်လိုင်းပေါ်၌ ထိုင်း ထီ ရောင်းရင်း ရသည့်ဘက်ကနေ ဝင်ငွေ ထွက်ငွေ ကာမိစေရန် ကြိုးစားရုန်းကန်နေရသူလည်း ဖြစ်သည်။
‘တစ်နေ့တာ ဘတ်ဂျက်ကို ခုနောက်ပိုင်း စီမံရတာ အရမ်း ခက်လာတယ်။ ဆိုင်က ဝင်ငွေ၊အွန်လိုင်းက ထီရောင်းတဲ့ အမြတ်၊ တစ်ခါတလေ အခြား စားသောက်ကုန်ခြောက်လည်း ရောင်းသေးတော့ အဲ့ဒီက အမြတ် သုံးခုလုံး ပေါင်းပြီးမှပဲ အိမ်စရိတ် ကျောင်းစရိတ် အမေ့ ဆေးဖိုး၊ သူ့ရဲ့ ဝင်စာဖိုးကို ပြန် ဖြန့်ဝေပြီး သုံးရတာ။ အရင်က တော်သေးတယ်။ ခုနောက်ပိုင်း ကုန်စျေးနှုန်း အရမ်း တက်တော့ တစ်လစာကို အလျင်မမီဘူး။ တစ်လစာလည်း မဝယ်ထားနိုင်တော့ဘူး။ အရင်က အမေနဲ့ သားအတွက် အာဟာရ ဖြစ်အောင် အသားငါးက နေ့တိုင်း ဝယ်ကျွေးနိုင်တယ်။ခုတော့ အဲ့လို မဟုတ်တော့ဘူး။ တစ်ခါတလေ ကြက်ဉကြော်၊ ဟင်ရွက်ကြော်နဲ့ ငါးပိရည် မျှစားရတာလည်း ရှိလာတယ်။ သူ့ရဲ့ ဝင်စာနဲ့ အမေ့ ဆေးဖိုးက မဖြစ်နေ ပေးရတော့ အဲ့ဒါတွေကိုပဲအဓိက ထား ဖယ်ထားရတာ စားဖို့က ဖြစ်သလိုပဲစခန်းသွားရတာပါပဲ’ ဟု မတင်တင်ဆွေက သူမ မိသားစု၏ တစ်လစာ မီးဖိုချောင်စရိတ်ကို စီမံနေရမှုနှင့် စားသောက်မှု လျော့ချရသော အခြေအနေများကို ဖွင့်ဟပြောခဲ့သည်။
၂၀၁၇ ခုနှစ်တွင် ၂၄.၈ ရာခိုင်နှုန်းသာရှိခဲ့သော ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၂၀၂၄ခုနှစ်တွင် ၃၁ ရာခိုင်နှုန်းအထိ မြင့်တက်လာရခြင်းမှာ ၂၀၂၁ နောက်ပိုင်း ဖြစ်ပေါ်ခဲ့သော နိုင်ငံရေး အပြောင်းအလဲများကြောင့် လုပ်ငန်းခွင်များ ပိတ်သိမ်းခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ လျော့ကျကုန်ခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးခြင်းတို့သည် လူဉီးရေ၏ ဝင်ငွေရရှိနိုင်မှုကို အကြီးအကျယ် ထိခိုက်စေခဲ့ခြင်းကြောင့် ဖြစ်သည်။
ထို့ပြင် နိုင်ငံအနှံ့ ဖြစ်ပွားနေသာ ပဋိပက္ခများကြောင့် ဒေသတွင်း ထုတ်လုပ်မှုများ ရပ်ဆိုင်ခြင်း၊လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းတို့သည် စျေးကွက်စနစ်ကို ပျက်စီးစေပြီး ဒေသခံများ၏ အသက်မွေးဝမ်းကြောင်းကိုလည်း ထိခိုက်စေခဲ့သည်။ ယခင်က ဆင်းရဲနွမ်းပါးမှုမျဉ်းအထက်တွင် အနည်းငယ်သာရှိနေကြသော ဝင်ငွေအလယ်အလတ်အလွှာများသည် ယခုအခါ စီးပွားရေး ကျပ်တည်းမှုဒဏ်ကြောင့် ဆင်းရဲနွမ်းပါးမှု အဆင့်သို ကျရောက်သွားခြင်းများလည်း ဖြစ်လာခဲ့သည်။ ဒါကြောင့် အခြေခံလူတန်းစားများသည် သူတို့၏ ဝင်ငွေ ၈၀ ရာခိုင်နှုန်းကျော်ကို စားသောက်ကုန်အတွက်သာ သုံးစွဲနေရပြီး ပညာရေး၊ကျန်းမာရေးနှင့် အခြား လူမှုရေး လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ဖို့ ခက်ခဲလျက်ရှိလာတော့သည်။
ထိုအခြေများကြားတွင် အိမ်ရှင်မများ၊ မိသားစုတာဝန်ကို ပုခုံးပြောင်းယူနေရသော ပြည်တွင်းနေ အခြေခံလူတန်းစား အမျိုးသမီးများအနေဖြင့် မမျှတသော တာဝန်များကြား စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပြိုလဲမှုများဖြင့် ရှင်သန် ရုန်းကန်နေကြရခြင်း ဖြစ်သည်။
‘မိခင်နို့ သိပ်မထွက်တော့ ကလေးကို နို့မုန့် ကူပြီး ကျွေးရတယ်။ လက်ရှိ ဝင်ငွေနဲ့ နို့မုန့်ဖိုးတောင် အလျင်မမီချင်ဘူး။ အနာဂတ်အတွက် စဉ်းစားရင် မွန်းကျပ်လာတယ်။ သူ့အနာဂတ် ပညာရေး ဆိုတာထက် ကလေး ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာနိုင်ပါ့မလားဆိုတာပဲ စိုးရိမ်မိတယ်။ ကိုယ့်ကလေးအတွက် လုံလောက်အောင် မပေးနိုင်တဲ့အခါ မိခင်တစ်ယောက်အနေနဲ့ ခံစားမှုက ခါးသီးပါတယ်” ဟု လသားအရွယ် ကလေးငယ်လေးနှင့် စက်ချုပ်နေရသော မနွယ်နီက ရင်ဖွင့်သည်။
သူမ အမျိုးသားကလည်း အိမ်ပွဲစားတစ်ဉီးဖြစ်သည့်အတွက် ပွဲခမှာ မသေချာဘဲ ရသည့်အခါမှ ရပြီး မရသည့်အခါ သူမ စက်ချုပ်သည့် ဝင်ငွေနှင့် အိမ်လစာ တစ်လ ငါးသိန်း၊ အိမ်စရိတ်၊ ကလေးနို့မုန့်စရိတ်ကို ဖြေရှင်းနေရသည့်အတွက် မနွယ်နီမှာ စိတ်ဖိစီးပြီး စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုများလည်း ဖြစ်လာသည်ဟု ဆိုသည်။ အိမ်ပွဲစားအလုပ် မဖြစ်သော အမျိုးသားဖြစ်သူ၏ စီးပွားရေး အဆင်မပြေမှုများကြောင့် လင်မယားချင်း ကွဲဖို့အထိ တွေးပြီး စိတ်ဖိစီးမှုများဖြင့် ရုန်းကန်နေရခြင်း အပေါ် ‘အိမ်လစာငါးသိန်းအတွက် လင်မယားနှစ်ယောက် နေ့တိုင်း ရန်ဖြစ်ရတယ်။သူလည်း အလုပ်မဖြစ်၊ ကိုယ်လည်း ကလေးကြောင့် စက်မချုပ်နိုင်နဲ့ဆိုတော့ စိတ်အရမ်းဖိစီးလာတယ်။အချို့အချိန်တွေဆို ဒီဘဝကနေ လွတ်မြောက်ချင်စိတ်နဲ့ သူနဲ့ကွဲလိုက်ဖို့အထိ တွေးမိတယ်။အပျိုတုန်းကနဲ့မတူ ပိုပိုပြီး စုတ်ပြတ်သတ်နေတဲ့ ကိုယ့်ကိုယ်ကိုယ် ကြည့်ပြီး ဝမ်းနည်းမိတဲ့ အချိန်တွေ အများကြီးပဲဟု မနွယ်နီက နာကျင်စွာ ဖွင့်ဟခဲ့သည်။
ထို့ပြင် အရင်က မိသားစုစားဝတ်နေရေးကို အိမ်တွင်းမှာပဲ စီမံနေခဲ့ရသည့် အသက်အရွယ်တစ်ခု ရောက်လာသော အိမ်ရှင်မများ အနေဖြင့် ဝန်ပိလာသော မိသားစုစရိတ်ကို ခင်ပွန်းဖြစ်သူထံမှ ခွဲဝေယူရာမှာ အဆင်မပြေမှုများစွာ ဖြစ်ပေါ်လျက်ရှိသည်။ ယင်းအဆင်မပြေမှုများကို ကြံ့ကြံ့ခံရင်း သားသမီးအတွက် မိသားစုအတွက်ဆိုပြီး ပိုမို ကြပ်တည်း ဆိုးဝါးလာသည့် ပြည်တွင်းစီးပွားရေး ကျဆင်းမှုဒဏ်ကို ရင်ဆိုင်နေရေသာ အိမ်ရှင်မများအနေဖြင့် သူတို့၏ စိုးရိမ်စိတ်များ၊ ရင်တွင်းဆန္ဒ မျော်လင့်ချက်များကို သိုဝှက်ရင်း နေ့စ္စဒူဝ ရှင်သန်နေရတာပဲ ဖြစ်ပါတယ်။
အသက် ၄၉ နှစ်အရွယ်ရှိပြီ ဖြစ်သော ဒေါ်သီတာသည် ယခင်က အိမ်ရှင်မ ဘဝဖြင့်သာ မိသားစုတာဝန်ကို ယူခဲ့ရသူဖြစ်ပြီး ကိုဗစ်ကာလမှနေ ၂၀၂၁ နောက်ပိုင်း ယိုးယွင်းလာသော အိမ်စီးပွားရေး အခြေအနေကို မထိန်းနိုင်တော့ဘဲ လေဖြတ်ထားသည့် ခင်ပွန်းဖြစ်သူ၊ သားနှစ်ယောက်၊သမီးတစ်ယောက်နှင့် ကိုးရီးယားအသားကင်ဆိုင်လေးကို ရပ်ကွက် လမ်းဘေးမှာပင် ဖွင့်ထားပြီး ဝမ်းစာ ရှာဖွေနေရသူဖြစ်သည်။ ဒီလို ရှာဖွေမှုက အိမ်စရိတ် အတွက် ဘယ်လိုမှ အဆင်မပြေနိုင်တော့သည့်အတွက် ၁၀ တန်းကျောင်းသူ သမီးကြီးမှာ အသက် ၁၉ နှစ်အရွယ်ဖြင့် ကျောင်းထွက်ပြီး KTV မှာ အလုပ်ဝင်လုပ်ခဲ့ရသည်။
ယင်းသို့ ဝင်လုပ်လိုက်မှပင် မိသားစု အသက်ရှူ ချောင်ပြီး အိမ်လစာ ပုံမှန်ပေးနိုင်သည့် အခြေအနနှင့် အမျိုးသား ဆေးကုရန် ပုံမှန် ဆေးကုစရိတ် ရရှိသော ဘဝ ဖြစ်လာခဲ့သည့်အပေါ်
‘ သမီး ဒီအလုပ်ဝင်မှပဲ မိသားစု အသက်ရှူချောင်ရတာလည်း အမှန်ပါပဲ။ ဒါမဲ့ ဒါက ကျွန်မအတွက် ဝမ်းသာစရာတော့ မဟုတ်ဘူး။ ၁၉ နှစ်ပဲရှိသေးတဲ့ သမီးကို ဒီလိုမျိုး အလုပ်လုပ်ခိုင်းရတဲ့အတွက် ရင်ထဲမှာ တစ်နေ့မှ မကောင်းဘူး။ ဒါက ကျွန်မကို စိတ်ဖိစီးမှု ဖြစ်စေတယ်’ ဟု ဒေါ်သီတာက ဝမ်းနည်းစွာ ရင်ဖွင့်သည်။
သမီး၏ ပညာရေးနှင့်ပတ်သက်ပြီး အနာဂတ် မျှော်လင့်ချက်နှင့်ပတ်သက်၍ သမီးဖြစ်သူကို ကျောင်းဆက်တက်စေချင်တာက သူမ၏ အကြီးမားဆုံး ဆန္ဒ ဖြစ်ပြီး ၁၂ တန်းကို ဆက်မဖြေတော့ဘဲ ဒီဘဝထဲမှာပင် ကျင်လည်သွားမည်ကို တွေးမိတိုင်း ရင်ပူမိပြီး အတန်းပညာ ဆုံးအောင် သင်ပြီးမှသာ ဘဝကို စတင်စေချင်ကြောင်း မိခင်တစ်ဉီး၏ ဆန္ဒကို ပြောပြခဲ့သည်။
အခြေခံလူတန်းစား အိမ်ရှင်မများ၏ ဘဝသည် နိုင်ငံ အခြေအနေကို အကောင်းဆုံး ထင်ဟပ်ပြလျက်ရှိသည်။ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးတို့သည် အပြန်အလှန် ချိတ်ဆက်နေပြီး တစ်ခုခု ပျက်ယွင်းသွားပါက အောက်ခြေလူတန်းစားများ၏ ဘဝမှာ အရင်ဆုံး ရိုက်ခတ်ခံရသည်မှာ မလွဲနိုင်သော အမှန်တရားပင် ဖြစ်သည်။ လက်ရှိဖြစ်နေသာ နိုင်ငံရေး မတည်ငြိမ်မှု နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သည့် ငွေ ကြေး ဖောင်းပွမှုများ၊ကုန်စျေးနှုန်း အဆမတန် ကြီးမြင့်မှုများ၊ ဝင်ငွေနည်းပါးမှု၊ရှာရခက်လာမှုများကြောင့် အခြေခံလူတန်းစား အိမ်ရှင်မများအနေဖြင့် စိုးရိမ်စိတ်များကြောင့် စိတ်ပိုင်ဆိုင်ရာ လူပိုင်းဆိုင်ရာ ပင်ပန်းမှုများ ဖြစ်ပေါ်နေသည့်အပေါ် သူမတို့၏ နိုင်ငံရေးအပေါ် အမြင်၊ ဆန္ဒတွေကိုလည်း လျစ်လျူထား၍ မရပြန်ပါ။
‘ဒီအခြေအနေကြီး ပြန်လည် တည်ငြိမ်ဖို့ ကျွန်မရဲ့ အဖြစ်ချင်ဆုံး ဆန္ဒပါ။ သတင်းကောင်းစကားကို မျှော်လင့်ရတာလည်း ပင်ပန်းလှပါပြီ။ တစ်နေ့တော့ အဆင်ပြေလာမှာပါလို့ပဲကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နေရတယ်။ မဖြစ်လာဘူး။ဒီပုံစံအတိုင်းပဲ ဆက်သွားမယ်ဆိုရင်တော့ ဒီထက် ပင်ပင်ပန်းပန်း နေရဉီးမှာပေါ့။ ကလေးတွေလည်း ရှိတော့ ကျွန်မကတော့ ဒီဘဝကိုပဲ ဆက်ရုန်းနေရဉီးမှာပေါ့’ ဟု သုံးဘီဆိုင်ကယ်မောင်းသည့် ခင်ပွန်းဖြစ်သူ ဝင်ငွေနှင့် မလောက်ငသဖြင့် အိမ်မှာ အထည် ယူချုပ်ရင်း ကလေးနှစ်ယောက်၏ မိခင်တာဝန်ယူနေရသည့် မအေးအေးက ပြောသည်။
နိုင်ငံပြန်လည် တည်ငြိမ်ခြင်း ဟူသော သူမ၏ အကြီးမားဆုံး မျော်လင့်ချက်နှင့်ပတ်သက်၍ နိုင်ကျဉ်း ဇနီးဖြစ်သူ မတင်တင်ဆွေက ခင်ပွန်းပြန်လည် လွတ်မြောက်လာရန်၊နိုင်ငံပြန်လည် တည်ငြိမ်လာစေရန်အတွက် နေ့တိုင်း ဆုတောင်းနေရပြီး ဘယ်တော့ဆိုတာထက် ဖြစ်လာဖို့သာ အရေးကြီးဆုံးပါဟု ပြောသည်။
‘မဖြစ်လာခဲ့ရင်ဆိုရင်လည်း ကျွန်မကတော့ လဲကျလို့ မရဘူးလေ။ ဒီလိုပဲအလုပ်ပေါင်းစုံကိုပဲ တိုးလုပ်သွားမှာပေါ့။ ဒီထက်ပိုပြီး ရုန်းကန်ရရင်လည်း သားလေးနဲ့ ခင်ပွန်းအတွက်ပဲ ဘာမဆို လုပ်ဖို့ အဆင်သင့်ပါ’လို့ ရစ်ဝိုင်းလာသော မျက်ရည်တို့ကို ထိန်းရင်း မတင်တင်ဆွေက အမျိုးသမီးတစ်ဉီး၏ သန်မာမှုကို ထုတ်ပြရင်း ပြောခဲ့သည်။
ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်ခြင်း၊ စီးပွားရေး ပိုမို ကြပ်တည်းလာခြင်းများ၏ ရိုက်ခက်မှုများကြောင့် ပင်ပန်းကြီးစွာ ရုန်းကန်နေရသော အခြေအနေများကြားမှာ အမျိုးသမီးများ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ နိုင်ငံ ပြန်လည် တည်ငြိမ်လာရေးပင်ဖြစ်သည်။ သို့သော်လည်း လက်တွေ့တွင် မည်သည့် အချိန်မှာ တည်ငြိမ်မှု ပြန်လည် ရရှိမည်ကို မရေရာသောကြောင့် သူတို့သည် မိသားစု၊သားသမီးများ၏ အနာဂတ်နှင့် ရှင်သန်ရေးအတွက် နေ့စဉ် ရုန်းကန်ရင်းပင် ‘တစ်နေ့တော့ အဆင်ပြေလာမှာပါ’ ဟု အားပေးနှစ်သိမ့်ရင်း ဆက်လက် အားတင်းရင်ဆိုင်နေကြရသည်ကို တွေ့မြင်နေရသည်။
အကယ်၍ အခြေအနေများ မတည်ငြိမ်သေးဘဲ ဆက်လက်ဆိုးရွားနေဦးမည်ဆိုပါက ၎င်းတို့သည် မိသားစုကို စွန့်ပစ်သွားရန် စိတ်မကူးဘဲ အလုပ်ပေါင်းစုံကို အဆမတန် တိုးလုပ်ခြင်း၊ အခက်အခဲများကို ကြံ့ကြံ့ခံခြင်းဖြင့် မိသားစုဘဝကို ထိန်းသိမ်းသွားရန်သာ ရည်ရွယ်ထားကြသည်ကိုလည်း အမျိုးသမီးများ၏ ရင်ဖွင့်သံများကို ကြည့်ခြင်းဖြင့် တွေ့မြင်ခဲ့ရသည်။ ဒီလိုမျိုး ခက်ခဲပင်ပန်းကြသော်လည်း ဇွဲမလျော့ဘဲ ဆက်လက်ရင်ဆိုင် ရှင်သန်နေကြသော အမျိုးသမီးများ၏ ကြံ့ခိုင်မှုတို့သည် အစစအရာ ဆုတ်ယုတ်မှုဘက် ရောက်ရှိနေသည့် နိုင်ငံအတွက် အားရှိစရာ ဖြစ်သကဲ့သို့ ယင်းအမျိုးသမီးတို့၏ နာကျင်မှု၊ စိုးရိမ်ပူပန်မှု၊ ဆန္ဒများကလည်း နှစ်ဘက်စလုံးသော နိုင်ငံ၏ တာဝန်ရှိသူများအတွက် အကြီးမားဆုံးသော ဆင်ခြင်သတိပြုစရာ အချက်ပေးခေါင်းလောင်းသံများလည်း ဖြစ်ပါသည်။ ။
