
မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် ပြည်ပထွက်ပြီး အလုပ်ရှာနေကြတဲ့ မြန်မာအမျိုးသမီးငယ်တွေကို ပစ်မှတ်ထားပြီး TikTok ပေါ်မှာ လစာကောင်းကောင်းပေးမယ်ဆိုပြီး မျှားခေါ်နေတဲ့ တရုတ်ကျားဖြန်ဂိုဏ်းတစ်ခုရဲ့ လုပ်ငန်းလည်ပတ်ပုံကို စုံစမ်းဖော်ထုတ်ရရှိထားပါတယ်။
ဒီဂိုဏ်းဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဝမ်ထောင်လန်းဒေသနဲ့ ရာယောင်းခရိုင် ပလပ်ဘရောင်းဒေသတွေမှာ အိမ်တွေနဲ့ ကွန်ဒိုတွေ ငှားရမ်းပြီး ရုံးခန်းအကောင်းစားတွေ၊ ကုမ္ပဏီဆိုင်းဘုတ်တွေ တပ်ဆင်ထားကာ တရားဝင်လုပ်ငန်းတစ်ခုလို ဟန်ဆောင်လည်ပတ်နေတာ ဖြစ်ပါတယ်။
HR နဲ့ Live Streamer ခွဲပြီးလူသစ်စုဆောင်း
စုံစမ်းမှုအရ ဒီလုပ်ငန်းမှာ အဓိကအုပ်စုနှစ်ခု ရှိပါတယ်။
ပထမအုပ်စုက HR လို့ ခေါ်တဲ့ လူသစ်စုဆောင်းရေးအဖွဲ့ပါ။ သူတို့ရဲ့ အဓိကတာဝန်က အခြားမြန်မာအမျိုးသမီးငယ်တွေကို TikTok Live လွှင့်ဖို့ စည်းရုံးခေါ်ယူတာ ဖြစ်ပါတယ်။
HR ဝန်ထမ်းတစ်ယောက်ဟာ တစ်လကို အနည်းဆုံး Live လွှင့်မယ့် အမျိုးသမီးသုံးဦး ရှာပေးရပြီး ရှာပေးနိုင်ရင် ကော်မရှင်ထပ်ရပါတယ်။ ဒါကြောင့် အမျိုးသမီးအချင်းချင်း ယုံကြည်မှုကို အသုံးချပြီး လူသစ်တွေကို ဆက်တိုက်ခေါ်ယူနေကြတာ ဖြစ်ပါတယ်။
ဒုတိယအုပ်စုကတော့ TikTok Live Streamer တွေပါ။ သူတို့ကို TikTok ပေါ်မှာ လှလှပပဝတ်စားပြီး ကတာ၊ စကားပြောတာတွေ လုပ်ခိုင်းကာ အနောက်နိုင်ငံက ကြည့်ရှုသူတွေဆီက Gift နဲ့ ငွေကြေးရအောင် ရှေ့တန်းတင်အသုံးချကြပါတယ်။
အစပိုင်းမှာတော့ “ကပြရုံပါပဲ၊ လူတွေကို ပျော်အောင်လုပ်ပေးရတဲ့အလုပ်ပါ” ဆိုပြီး စည်းရုံးကြသလို တစ်နေ့ ၆ နာရီ Live လွှင့်ရုံနဲ့ တစ်လ ဘတ် ၂၀,၀၀၀ ရမယ်ဆိုပြီး မက်လုံးပေးခဲ့တယ်လို့ နစ်နာသူတစ်ဦးက ပြောပါတယ်။
Live လွှင့်ရာကနေ Sex Chat အထိဖိအားပေး
အလုပ်ဝင်ပြီးနောက် အစမ်းခန့်ကာလ တစ်ပတ်အတွင်းမှာ ရုံးရဲ့ TikTok Account တွေနဲ့ပဲ Live လွှင့်ခိုင်းပါတယ်။
ရုံးခန်းထဲမှာ မြန်မာအမျိုးသမီးငယ် ၇ ယောက်ကနေ ၁၀ ယောက်လောက်အထိ ရှိနေပြီး တစ်ယောက်စီကို အခန်းငယ်တစ်ခုစီ ပေးထားပါတယ်။

အလုပ်လုပ်ရသည့်နေရာ
နစ်နာသူတွေရဲ့ ပြောကြားချက်အရ သူတို့ရဲ့ ကိုယ်ပိုင်ဖုန်းတွေကို ရုံးက သိမ်းထားပြီး ကုမ္ပဏီပေးတဲ့ ဖုန်းနဲ့ပဲ အလုပ်လုပ်ရပါတယ်။ မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ Live လွှင့်ပြီးတာနဲ့ ဖုန်းကို ပြန်သိမ်းသွားပါတယ်။
ဒါ့အပြင် ကိုယ်ပိုင် TikTok Account နဲ့ Live လွှင့်ခွင့်မရှိသလို တခြား Live Streamer တွေရဲ့ လုပ်ပုံကိုင်ပုံတွေကိုလည်း ကြည့်ခွင့်မပေးဘဲ တင်းကျပ်စွာ ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။
ပိုမိုစိုးရိမ်စရာကောင်းတာက Live လွှင့်နေတဲ့ အမျိုးသမီးငယ်တွေရဲ့ TikTok နဲ့ WhatsApp Account တွေကို တရုတ်မန်နေဂျာတွေက နောက်ကွယ်ကနေ ဝင်ရောက်အသုံးပြုနေကြတာပါ။
သူတို့ဟာ ဘာသာပြန် Software တွေသုံးပြီး မိန်းကလေးတွေကိုယ်တိုင် စာပို့နေသလို ဟန်ဆောင်ကာ အနောက်နိုင်ငံသား ကြည့်ရှုသူတွေထံ လိင်ပိုင်းဆိုင်ရာ အဓိပ္ပာယ်သက်ရောက်တဲ့ စာသားတွေနဲ့ Emoji တွေ ပေးပို့ပြီး ငွေကြေးတောင်းခံနေကြပါတယ်။
စုံစမ်းရရှိထားတဲ့ မှတ်တမ်းတွေအရ “ခန္ဓာကိုယ်ကို မြင်ချင်ရင် Gift ပစ်ပေး” ဆိုတဲ့ ပုံစံမျိုးနဲ့ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုတွေ အသုံးပြုပြီး ငွေကြေးလိမ်လည်တောင်းခံနေကြဖြစ်ပါတယ်။

ကန့်ကွက်ရင်ခြိမ်းခြောက်
ဒီလို စာတွေ ပို့နေတာကို သိသွားပြီး ကန့်ကွက်တဲ့အခါမှာတော့ တရုတ်မန်နေဂျာတွေက “ဒါက မင်းရဲ့အလုပ်ကို ကူညီပေးတာပါ။ Coin မပြည့်ရင် ကုမ္ပဏီက မင်းကို အလုပ်ဖြုတ်လိမ့်မယ်” ဆိုပြီး ဖိအားပေး ခြိမ်းခြောက်ခဲ့တယ်လို့ နစ်နာသူတွေက ပြောပါတယ်။
အစပိုင်းမှာ ကပြရုံသာ လုပ်ရမယ်လို့ ပြောခဲ့ပေမယ့် နောက်ပိုင်းမှာတော့ 18+ Content တွေ တင်ခိုင်းတာ၊ Line နဲ့ WhatsApp ကနေ Video Call ခေါ်ပြီး Sex Chat ပြုလုပ်ခိုင်းတာတွေ အထိ ဖိအားပေးလာခဲ့တယ်လို့ သိရပါတယ်။

အလုပ်ထွက်ချင်ရင်လစာနဲ့ချုပ်ကိုင်
လုပ်ငန်းရဲ့ သဘောသဘာဝကို သိရှိသွားပြီး အလုပ်ထွက်ဖို့ ကြိုးစားတဲ့အခါမှာလည်း အလွယ်တကူ ထွက်ခွင့်မရပါဘူး။
“အလုပ်ထွက်ချင်ရင် ၁၅ ရက်ကြိုပြောရမယ်၊ မဟုတ်ရင် လစာလုံးဝမပေးဘူး” ဆိုပြီး လစာငွေတွေကို အသုံးချကာ ဝန်ထမ်းတွေကို ချုပ်ကိုင်ထားတယ်လို့ နစ်နာသူတွေက ဆိုပါတယ်။
သတိထားဖို့လိုအပ်
ဒီဖြစ်စဉ်ဟာ ပြည်ပထွက်ပြီး အလုပ်ရှာနေကြတဲ့ မြန်မာအမျိုးသမီးငယ်တွေ ကြုံတွေ့နေရတဲ့ အန္တရာယ်ကြီးမားတဲ့ ထောင်ချောက်တစ်ခု ဖြစ်ပါတယ်။
တရားမဝင် တရုတ်ဂိုဏ်းတွေဟာ ရုံးခန်းအကောင်းစားတွေ၊ လစာကောင်းကောင်းတွေကို အသုံးချပြီး အမျိုးသမီးငယ်တွေကို အွန်လိုင်းလိင်ဖျော်ဖြေရေးနဲ့ ငွေလိမ်လည်မှုလုပ်ငန်းတွေထဲကို တဖြည်းဖြည်း ဆွဲသွင်းနေကြတာ ဖြစ်ပါတယ်။
ဒါကြောင့် အွန်လိုင်းကနေ အလုပ်လျှောက်ထားတဲ့အခါ ကုမ္ပဏီရဲ့ အချက်အလက်တွေကို သေချာစစ်ဆေးဖို့၊ ကိုယ်ရေးအချက်အလက်နဲ့ ဓာတ်ပုံတွေကို အလွယ်တကူ မပေးဖို့၊ “လစာမြင့်မြင့်ရမယ်၊ လှလှပပနေရုံနဲ့ ပိုက်ဆံရမယ်” ဆိုတဲ့ အလုပ်ခေါ်စာတွေကို အထူးသတိထားဖို့ လိုအပ်ပါတယ်။
Thai PBS World နဲ့ ကုလသမဂ္ဂ အစီရင်ခံစာတွေအရ အခုလို Pig-butchering ငွေလိမ်ဂိုဏ်းတွေဟာ ထိုင်းနိုင်ငံနဲ့ အနီးပတ်ဝန်းကျင်ဒေသတွေမှာ ကွန်ရက်ချဲ့ထွင်ထားပြီး ကမ္ဘာတစ်ဝန်းက လူပေါင်းများစွာကို ပစ်မှတ်ထား လှည့်ဖြားနေဆဲ ဖြစ်ပါတယ်။
