
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ကို မြန်မာစစ်တပ်က မနေ့ (ဧပြီ ၂၇) မှာ လေကြောင်းတိုက်ခိုက်မှု နှစ် ကြိမ် ပြုလုပ်ခဲ့တဲ့အတွက် ကလေးငယ်တွေအပါအဝင် ပြည်သူတွေ သေဆုံးခဲ့ရတယ်လို့ နေပြည်တော် ၈၀၇ တပ်ရင်း နဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်ဆီက AAMIJ News ကိုပြောပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မြေပြင်
စစ်ရေးသတင်းအရင်းအမြစ်ကလည်း အတည်ပြုထားပါတယ်။
ဧပြီ ၂၇ ရက်နေ့ မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က ဗဟန်းကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့သလို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေက ညနေပိုင်းမှာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ဖို့ ကြိုးစားတဲ့ အချိန် ထပ်မံဗုံးကြဲခဲ့သေးတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – နေပြည်တော် (၈၀၇) တပ်ရင်းတာဝန်ရှိသူဆီကနေ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ကြောင့် အသက်ရှစ်နှစ် တစ်ယောက်၊ ကိုးနှစ် တစ်ယောက်၊ လသားတစ်ယောက်၊ အသက် ၁၂ နှစ်တစ်ယောက်၊ ၄၀ ဝန်းကျင် အမျိုးသား နဲ့ အမျိုးသမီး တစ်ယောက်တို့က အခင်းဖြစ်ပွာရာနေရာမှာတင် သေဆုံးခဲ့ရပြီး ထိခိုက်သူ ငါးဦး ရှိခဲ့တဲ့အနက် ကလေးငယ်တစ်ချို့ လည်း ပါဝင်နေတယ်လို့ သူက ဆက်ပြောပါတယ်။

AAMIJ News လက်ခံရရှိတဲ့ဓာတ်ပုံမှတ်တမ်းတွေအရ အသက်ဆုံးရှုံးထားရတဲ့ လသားကလေးငယ် နဲ့ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးကို စောင်နဲ့ လွှမ်းခြုံပေးထားသလို ထင်းပုံတွေအောက်မှာ အသက်ဆုံးရှုံးထားရတဲ့ အမျိုးသားရုပ်အလောင်းကို တွေ့ရပါတယ်။

ဒါအပြင် မျက်နှာနှစ်ဖက် ပျက်စီးသွားတဲ့သက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦး နဲ့ ထိခိုက်ထားတဲ့ ကလေးငယ်တွေရဲ့ ဓာတ်ပုံတွေကိုပါ လက်ခံရရှိခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှာ မြန်မာနိုင်ငံအတွင်း နေရာအနှံ့ လေကြောင်းတိုက်ခိုက်မှု ငါးထောင်ကျော် ပြုလုပ်ထားပြီး သေဆုံးသူ ငါးထောင်ကျော်ရှိတဲ့အထဲ ကလေးငယ် ခုနစ်ရာကျော်က သေဆုံးထားရကြောင်း သိရပါတယ်။
