
(မြန်မာ့အွန်လိုင်းလောင်းကစား ကွန်ရက်၊ ကျားဖြန့်ဂိုဏ်းများနှင့် ဧရာမ ငွေကြေးခဝါချမှု အရှုပ်တော်ပုံ စုံစမ်းဖော်ထုတ်ချက်)
ရယ်မောပျော်ရွှင်နေကြတဲ့ နာမည်ကြီး Streamer တွေဟာ မြန်မာလူငယ်တွေရဲ့ အားပေးမှုကို အလွဲသုံးစားလုပ်ပြီး သာမန်ပြည်သူတွေရဲ့ သွေးချွေးစာတွေကို စုပ်ယူနေကြပါတယ်။
ထိုင်း-မြဝတီ နယ်စပ် အခြေစိုက် လောင်းကစားဆိုက်တွေနဲ့ နာမည်ဆိုးထွက်နေတဲ့ ကျားဖြန့် (Scam Centers) ဂိုဏ်းတွေဟာ မြန်မာပြည်တွင်းက Esports ကစားသမားတွေ၊ မော်ဒယ်တွေနဲ့ Tiktoker တွေကို လက်ကိုင်တုတ်အဖြစ် သုံးပြီး ဥပဒေမဲ့ ငွေမည်းတွေကို တရားဝင် “ငွေဖြူ” အဖြစ် ပြောင်းလဲနေကြတာပါ။
ဒီဖော်ထုတ်ချက်ဟာ အရင်က အဲဒီလုပ်ငန်းစုမှာ လုပ်ခဲ့ဖူးတဲ့ “အတွင်းလူ” တစ်ယောက်ရဲ့ ခိုင်လုံတဲ့ ဖွင့်ဟချက်တွေ၊ ပေါက်ကြားလာတဲ့ လျှို့ဝှက်လစာပေးချေမှု ဇယားတွေနဲ့ ဘဏ်စာရင်းရှင်းတမ်းတွေကို အခြေခံပြီး နောက်ကွယ်က ကြိုးကိုင်သူတွေနဲ့ ငွေကြေးခဝါချမှု ကွန်ရက်ကို ဖော်ထုတ်ထားတာ ဖြစ်ပါတယ်။
ဘဝတွေကို စတေးထားတဲ့ ရွှေဘုံနန်းများ
အွန်လိုင်းလောင်းကစားမှာ အသက်အရွယ်၊ ကျား/မ၊ လူတန်းစား မရွေး သားကောင်ဖြစ်နေကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလက ရန်ကုန်မြို့ တာမွေမြို့နယ်မှာ အသက် ၂၂ နှစ်အရွယ် လူငယ်တစ်ယောက် စလော့ဂိမ်းကြောင့် အကြွေးသိန်းရာချီတင်ပြီး ကြိုးဆွဲချ သေဆုံးခဲ့ပါတယ်။
ဇန်နဝါရီလကလည်း သာကေတမှာ အသက် ၃၀ အရွယ် အမျိုးသားတစ်ယောက်၊ နိုဝင်ဘာလက ရှမ်းပြည်နယ် အောင်ပန်းမြို့မှာ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ယောက် စလော့ဂိမ်းကြောင့် အဆုံးစီရင်သွားခဲ့ကြပါတယ်။ ဒါတွေက ဆလော့ဂိမ်းတွေကြောင့် အသက်ပါ ဆုံးရှုံးခဲ့ရတဲ့ မြန်မာပြည်သူတွေထဲက တချို့ပါ။ အသက်မသေဆုံးပေမယ့် လူမှုရေး၊ စီးပွားရေး ထိခိုက်နစ်နာနေရသူတွေ ဒုနဲ့ဒေး ရှိနေပါတယ်။
ဒါပေမယ့် ဆလော့ဂိမ်းကစားတဲ့ပြည်သူတွေ အဲဒီလို ဒုက္ခရောက်နေကြချိန်မှာ အဲဒီဂိမ်းတွေကို ကြော်ငြာပေးနေတဲ့ Streamer တွေကတော့ လောင်းကစားဆိုက်တွေကရတဲ့ “သွေးစွန်းငွေ” တွေနဲ့ ဇိမ်ခံကားတွေ၊ ကွန်ဒိုတွေ ဝယ်ယူပြီး ဆိုရှယ်မီဒီယာပေါ် ဂုဏ်ယူဝင့်ကြွားနေကြပါတယ်။
စံချိန်တင် လစာနဲ့ အရိပ်ထဲက ကြိုးကိုင်သူတွေ
ပေါက်ကြားလာတဲ့ “Myanmar Partner Payment” လျှို့ဝှက်ဇယားတွေအရ Streamer တွေရဲ့ လစဉ်ရငွေတွေက အံ့မခန်းပါပဲ။

• Shine Lay (Xnine) – တစ်လကို ကျပ်သိန်း ၇၀၀ ကနေ ၁၀၀၀ ဝန်းကျင်အထိ ရရှိပြီး၊
လျှို့ဝှက်ဇယားအရ လောင်းကစား ၆၀ Stream အတွက် သိန်း ၂၅၀ လွှဲပြောင်းမှုရှိခဲ့ပါတယ်။
• Acid 10 Gaming – တစ်လကို သိန်း ၃၀၀ ကနေ ၅၀၀ အထိ ရပြီး ကြော်ငြာတစ်ခုကို သိန်း ၂၀၀ အထိ ရပါတယ်။
• Gugu နဲ့ Copy Online – သိန်း ၃၈၀ နဲ့ သိန်း ၂၀ ကျော် အသီးသီးရကြပါတယ်။
• Smile Online – ကျပ်သိန်း ၁၈၀ နဲ့ ဘတ် ၅ သိန်း ၆ သောင်း ရထားပါတယ်။
• တခြား Streamer တွေ – Kelvin Kate (သိန်း ၁၉၀)၊ AiAce (သိန်း ၁၈၅)၊ Leo Sama (သိန်း
၃၀)၊ Sophia (သိန်း ၂၀) နဲ့ Ice Ice ဆိုရင် ၃ လအတွင်း ဒေါ်လာ ၆၀၀၀ လောက် ရနေကြပါတယ်။


လှည့်စားခြင်း အနုပညာနဲ့ စိတ်ပညာ ထောင်ချောက်
လောင်းကစားဆိုက်တွေရဲ့ အဓိက လက်နက်က Streamer တွေပါပဲ။ သူတို့ဟာ လူမှုကွန်ယက်မှာ စလော့ဂိမ်းတွေ ကစားပြပြီး လူထုကိုဆွဲဆောင်နေပေမယ့် သူတို့ငွေနဲ့ သူတို့ရင်းပြီး ကစားနေကြတာမဟုတ်ပါဘူး။
စလော့ဂိမ်းကြောင့် ငွေကျပ် ၆ သိန်း ရှုံးခဲ့တဲ့ ကိုရဲ (အမည်လွှဲ) က “သူတို့က 1xbet က ပေးထားတဲ့ (Demo) အကောင့်တွေနဲ့ ဆော့ပြပြီး နိုင်တာပဲပြတော့ အဟုတ်မှတ်ပြီး လိုက်ဆော့မိတာ” လို့ ပြောပါတယ်။ စလော့ဂိမ်း ကစားနေတဲ့ streamer တွေရဲ့ Live မှာ ရှုံးနေပြီလို့ ဝင်ပြောတဲ့သူတွေကိုလည်း ချက်ချင်း Ban လိုက်ကြပါတယ်။
IT Developer ကိုမျိုးထွန်းကလည်း “အရှုံးအမြတ်ကို ပရိုဂရမ်က ရေးဆွဲထားပြီးသားပါ။ အသံကျယ်ကျယ်တွေနဲ့ Dopamine ကို လှုံ့ဆော်ပေးတာပါ။ Streamer တွေက ဘယ်တော့မှ မကုန်နိုင်တဲ့ Infinity Coin တွေနဲ့ ဆော့ပြပြီး လူတွေကို လှည့်စားနေတာပါ” လို့ ထောက်ပြထားပါတယ်။ Streamer တွေဟာ လစာအပြည့်ရဖို့ တစ်လကို Member သစ် ၂၀၀ မဖြစ်မနေ ရှာပေးရပြီး၊ သူတို့လစာထဲကနေ သိန်း ၃၀၊ ၄၀ လောက် ပြန်ထုတ်ကာ ကြော်ငြာ (Ads) တွေတောင် ပြန်ထည့်နေကြပါတယ်။
ဒီယန္တရားကို လည်ပတ်ဖို့ စိုင်းသီဟအောင် (Top Manager)၊ ဦးဇ (Middle Manager) နဲ့ အောင်ပိုင်ချို (Financial Manager) တို့လို အရိပ်ထဲက ကြိုးကိုင်သူတွေ ရှိနေပါတယ်။ သူတို့က Streamer တွေရဲ့ Page တွေကို ကိုင်တွယ်တာ၊ ငွေကြေးခေါင်းပုံဖြတ်တာနဲ့ Crypto ကတစ်ဆင့် ငွေရွှေ့ပြောင်းတာတွေ လုပ်ဆောင်နေကြပါတယ်။
Slot Game များက လူတွေကို ဆွဲဆောင်နိုင်တဲ့ အကြောင်းအရင်းများ
အဓီက Slot Game တွေကို ဘာလို့ ဆွဲလမ်းနေကြတာလဲဆိုတော့ ဒီ Slot Game တွေက ကစားတဲ့လူတွေကို ဆွဲလမ်းအောင် စိတ်ပညာနည်းအရ (၄)မျိုးလောက် ပြောလို့ရကြောင်း အမည်မဖော်လိုတဲ့ စိတ်ရောဂါကု ပါရဂူတစ်ဦးကပြောပြပါတယ်။
၁။ နိုင်တော့မလိုလိုနဲ့ လှည့်စားထားတဲ့ Near Miss လှည့်ကွက်
ပထမဆုံး စိတ်ဝင်စားဖို့ကောင်းတာကတော့ “Near Miss” လို့ခေါ်တဲ့ စိတ်ပညာလှည့်ကွက်ပဲ ဖြစ်ပါတယ်။ ကစားသူဟာ ရှုံးသွားပေမယ့်လည်း နိုင်ဖို့ အရမ်းနီးစပ်သွားပြီလို့ ခံစားရအောင် ဖန်တီးထားတာပါ။ “ဒီတစ်ခါ မရပေမယ့် နောက်တစ်ခါတော့ ရတော့မှာပဲ” ဆိုတဲ့ ထင်ယောင်ထင်မှားစိတ်ကို ဦးနှောက်ထဲ ရောက်သွားစေပြီး “လက်မလျှော့လိုက်ရင် ငါနိုင်တော့မယ်” ဆိုတဲ့ အသိနဲ့ ကစားသူကို ဂိမ်းထဲမှာ ဆက်တိုက် ပိတ်မိနေအောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။
၂။ မမျှော်လင့်ဘဲ ရရှိတဲ့ ဆုလာဘ်နဲ့ Dopamine ရဲ့ အစွမ်း
နောက်တစ်ချက်ကတော့ Unexpected Reward လို့ခေါ်တဲ့ မမျှော်လင့်ဘဲ ရုတ်တရက် ရရှိလာတဲ့ ဆုလာဘ်တွေပါပဲ။ လူတွေရဲ့ သဘာဝအရ ဘယ်အချိန်မှာ နိုင်မလဲဆိုတာကို ရင်ခုန်နေရတဲ့ ခံစားချက်ကို သဘောကျကြပါတယ်။ တစ်ခါလောက် နိုင်ဖူးသွားတဲ့အခါ ဦးနှောက်ထဲကနေ Dopamine လို့ခေါ်တဲ့ ပျော်ရွှင်မှုကို ပေးတဲ့ ဓာတ်ပစ္စည်းတွေ ထွက်လာစေပြီး ဒီခံစားချက်ကို ထပ်ခါထပ်ခါ လိုချင်နေအောင် တွန်းအားပေးနေတာ ဖြစ်ပါတယ်။
၃။ လက်တစ်ကမ်းမှာ ရှိနေတဲ့ Gamification နည်းပညာ
အခုခေတ်မှာတော့ Slot Game တွေဟာ ကာစီနိုသွားစရာ မလိုဘဲ ဖုန်းထဲမှာ ၂၄ နာရီပတ်လုံး ရှိနေတာကလည်း စွဲလမ်းစေတဲ့ အဓိက အကြောင်းအရင်း ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းကို လျော့ကျစေတဲ့အပြင် “လောင်းကစား” လုပ်နေတာထက် “ဂိမ်း” တစ်ခု ဆော့နေရတယ်ဆိုတဲ့ ခံစားချက်မျိုး ဖြစ်အောင် Gamification နည်းနဲ့ လှည့်စားထားတာကြောင့် လူတွေဟာ အမှားလုပ်နေတယ်လို့ မခံစားရဘဲ လွယ်လွယ်ကူကူပဲ ဆက်တိုက် ဆော့မိနေကြတာပါ။
၄။ ငွေကြေးကို ဂဏန်းသက်သက်အဖြစ် လှည့်စားခြင်း
နောက်ဆုံးတစ်ချက်ကတော့ ငွေကြေးသုံးစွဲမှုကို အသိနည်းသွားအောင် ပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။ Online ကနေ ငွေဖြည့်လိုက်တဲ့အခါ ပိုက်ဆံတွေကို “ငွေသား” အဖြစ် မမြင်ရတော့ဘဲ ဂိမ်းထဲက “ဂဏန်း” တွေအဖြစ်ပဲ မြင်ရတာကြောင့် ကုန်သွားတဲ့အခါမှာလည်း နှမြောစိတ် နည်းသွားတတ်ပါတယ်။ ဂဏန်းတွေ လျော့သွားတာကိုပဲ မြင်ရတာကြောင့် ပိုက်ဆံကုန်ဆုံးသွားတာကို သတိမမူမိတော့ဘဲ အကုန်အစင် သုံးပစ်လိုက်တဲ့အထိ ဖြစ်စေတာ ဖြစ်ပါတယ်။
လျော့သွားတာ မြင်တော့ လူက လွယ်လွယ်ကူကူနဲ့ပဲ ရှုံးတာနိုင်တာကို မတွေ့တော့ဘဲ ပိုက်ဆံတွေ ကုန်တဲ့အထိ သုံးပစ်လိုက်တာမျိုးပေါ့။
နိဂုံးချုပ်အနေနဲ့ Slot Game ဆိုတာ ကံတရားတစ်ခုတည်းကြောင့် မဟုတ်ဘဲ လူတွေရဲ့ စိတ်ပညာနဲ့ ဦးနှောက်အလုပ်လုပ်ပုံတွေကို သိပ္ပံနည်းကျ အသုံးချပြီး ဖန်တီးထားတာဖြစ်လို့ လူတွေ စွဲလန်းသွားတတ်တာဖြစ်ပါတယ်။
ငွေမည်းခဝါချမှုနဲ့ တားဆီးဖို့ လိုအပ်ချက်
ဆလော့ဂိမ်းတွေကို ကြော်ငြာပြီး ရတဲ့ ဒီငွေမည်းတွေကို အကာအကွယ် စီးပွားရေးလုပ်ငန်းတွေ၊ Crypto နဲ့ အမည်ခံ ဘဏ်စာရင်းတွေကတစ်ဆင့် ငွေဖြူအဖြစ် ပြောင်းနေကြပါတယ်။
BRIGHT LIGHT MYANMAR CO.,LTD ရဲ့ CB Bank စာရင်းရှင်းတမ်း (009610050000231) အရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းမှာ ဒီကုမ္ပဏီအကောင့်ဟာ ငွေကြေးလွှဲပြောင်းမှု ဗဟိုချက်အဖြစ် လုပ်ဆောင်နေတာကို အထောက်အထား ခိုင်ခိုင်လုံလုံ တွေ့ရပါတယ်။








Bright Light ကုမ္မဏီဖက်ကတော့ ၄င်းတို့ဟာ ဘောလုံအလောင်းကစားသာလုပ်ကြောင်းပြောဆိုပြီး အခြားသောအချက်အလက်တွေကို မလုပ်ကြောင်းငြင်းဆိုခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက လူ ၇၁ ယောက်ကို ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း စစ်အုပ်စုဘက်က ထိရောက်တဲ့ အရေးယူမှု တစ်စုံတစ်ရာ မလုပ်တော့ပါဘူး။
Statista ရဲ့ ခန့်မှန်းချက်အရ ၂၀၂၇ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ အွန်လိုင်းလောင်းကစား သုံးစွဲသူ ၆.၄ သန်းအထိ ရှိလာနိုင်ပါတယ်။
ဒီလောက်ထိ တိုးမြင့်လာတဲ့ ပမာဏဟာ streamer တွေရဲ့ စနက်လည်း မကင်းပါဘူး။ သူတို့ဟာ လူမှုကွန်ယက်တွေမှာ ရိုးရိုး ဂိမ်းကစားပြရာမှာ 1xbet လို လောင်းကစား Logo တွေ သုံးတာတွေ့ရပြီး အဲဒါတွေကလည်း ဥပဒေနဲ့ ငြိစွန်းနေပါတယ်။
ဒါပေမယ့် အထက်မှာပြောခဲ့သလိုဘဲ အတိုက်အခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေကိုပဲ အရေးယူဖို့ အာရုံစိုက်နေတဲ့ စစ်အုပ်စုကတော့ ပြည်သူတွေ ဘဝပျက်စေမယ့် နည်းလမ်းတွေကို ပေါ်ပေါ်တင်တင် လုပ်ကိုင် ကြော်ငြာနေတာတောင် အရေးယူတာမရှိပါဘူး။
ဒါကြောင့် စစ်အုပ်စုရဲ့ အရေးယူမှုကို စောင့်မနေဘဲ ပြည်သူတွေ ကိုယ်တိုင် ပါဝင်လှုပ်ရှားဖို့ လိုအပ်နေပါပြီ။ လောင်းကစားကြော်ငြာပေးနေတဲ့ Streamer တွေကို Unfollow၊ Block လုပ်တာ၊ Scam or Fraud အဖြစ် Report ထုတာနဲ့ မိသားစုကို စောင့်ရှောက် အသိပညာပေးတာတွေ လုပ်ဆောင်ပြီး ဒီဒစ်ဂျစ်တယ် လူသတ်ကွင်းကို ညီညီညွတ်ညွတ် ဆန့်ကျင်ကြဖို့ လိုအပ်နေပါတယ်။
