
နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က မနေ့က ထုတ်ပြန်လိုက်တဲ့ (၂၅) ကြိမ်မြောက် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်အညွှန်းကိန်းအရ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၆၆ မှာ ရှိနေပြီး သတင်းလွတ်လပ်ခွင့် “အလွန်ဆိုးဝါး”တဲ့ အခြေအနေကို ပြသတဲ့ အနီရောင်အဆင့်မှာ ဆက်လက်သတ်မှတ်ခံထားရပါတယ်။
ယခုနှစ် RSF ၏ ဆန်းစစ်ချက်အရ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၀၀ တွင် သတင်းလွတ်လပ်ခွင့်ရမှတ်များ ကျဆင်းနေပါတယ်။ နိုင်ငံရေးဖိအားနဲ့ အာဏာရှင်ဆန်တဲ့ လမ်းစဉ်များက သတင်းလွတ်လပ်ခွင့်အတွက် အဓိကစိန်ခေါ်မှုများ ဖြစ်လာပါတယ်။
အထူးသဖြင့် အာရှ-ပစိဖိတ်ဒေသရှိ အာဏာရှင်အစိုးရများဟာ ဥပဒေကို လက်နက်သဖွယ်အသုံးပြု၍ သတင်းမီဒီယာများကို နှိမ်နင်းနေကြရာ မြန်မာနိုင်ငံသည်လည်း ထိုသို့သော ဆိုးရွားတဲ့ အခြေအနေမှာ ပိတ်မိနေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားများအပေါ် အကြမ်းဖက်ဖမ်းဆီးခြင်း၊ ထောင်ချခြင်း၊ သတ်ဖြတ်ခြင်းနဲ့ မီဒီယာလိုင်စင်များ ရုပ်သိမ်းခြင်းတို့ကြောင့် အခြေအနေမှာ တိုးတက်လာခြင်းမရှိဘဲ အဆိုးဝါးဆုံးအဆင့်မှာသာ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့ကလည်း နိုင်ငံတော်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတယ်လို့ စွပ်စွဲကာ Chin World၊ Khonumthung နဲ့ မျက်မှောက်ခေတ် သတင်းဌာနတို့ကို လိုင်စင်ပိတ်သိမ်းကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကြေညာခဲ့သေးတယ်။
လာမည့် မေလ ၃ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ (World Press Freedom Day) အထိမ်းအမှတ်အဖြစ် ဖမ်းဆီးထားတ့ သတင်းသမားများကို ပြန်လွှတ်ပေးရန် မီဒီယာသမားများက တောင်းဆိုထားကြပါတယ်။
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM)** ၏ ဧပြီ ၁၆ ရက် ထုတ်ပြန်ချက်အရ စစ်တပ်က အကြမ်းဖက် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် မေလအထိ ဖမ်းဆီးခံရသူ သတင်းသမားဦးရေ ၂၀၀ ကျော် ရှိခဲ့ပါတယ်။
၎င်းတို့အနက် ၁၉ ဦး မှာ စွပ်စွဲချက်အမျိုးမျိုးဖြင့် ဆက်လက် ဖမ်းဆီး အကျဉ်းချခံထားရဆဲ ဖြစ်ပါတယ်။
RSF ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံအပါအဝင် အာရှဒေသရှိ နိုင်ငံအများအပြားတွင် လွတ်လပ်စွာ သတင်းရေးသားခွင့်နဲ့ သတင်းထောက်များ၏ လုံခြုံရေးမှာ စိုးရိမ်ဖွယ်ရာ အခြေအနေတွင် ဆက်လက်ရှိနေကြောင်း ဖော်ပြထားပါတယ်။
Photo – Nay Myo/ AAMIJ
ပုံစာ- AAMIJ မှသတင်းထောက်(၂)ဦး ဖမ်းဆီးခံရပြီးနောက် ရုံးထုတ်လာသည့်မြင်ကွင်း
