
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်း (American Chamber of Commerce in Myanmar) ၏ ဥက္ကဋ္ဌဟောင်းဖြစ်ပြီး ရန်ကုန်မြို့တွင် လုံခြုံရေးကုမ္ပဏီတစ်ခု ဖွင့်လှစ်ထားသူ အမေရိကန်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင် အာဒမ် ကက်စတီလို (Adam Castillo) အား မြန်မာအာဏာပိုင်များက ကြာသပတေးနေ့က ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနမှ ရေးသားပါတယ်။
တဆက်တည်းမှာပဲ AAMIJ သတင်းရင်းမြစ်များအဆိုအရ အဒမ်ဟာ သူရေးသားထားတဲ့ စာအုပ်အား နိုင်ငံတကာလှည့်လည်မိတ်ဆက်ပွဲအပြီး သူအခြေချနေထိုင်ရာ ရန်ကုန်ကိုပြန်လာစဥ်ဖမ်းခံရခြင်းဟု သိရကြောင်း ဆိုကြပါတယ်။ မတ်လ ၂၄ ရက်နေ့ကတည်းက စတင်ခဲ့တဲ့ စာအုပ်မိတ်ဆက်လှည့်လည်ပွဲ (Book tour) ရဲ့ နောက်ဆုံးခရီးစဥ်ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ “Finding Our Voice” လို့ အမည်ပေးထားတဲ့ ဒီစာအုပ်ကို ဝါရှင်တန်ဒီစီ၊ နယူးယောက်၊ ကာလီဖိုးနီးယား၊ ဘန်ကောက်၊ ရန်ကုန်နဲ့ ကွာလာလမ်ပူမြို့ကြီးတွေမှာ မိတ်ဆက်ပွဲပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါစာအုပ်မှာ မြန်မာစစ်တပ်၏ ဆန္ဒပြသူများအပေါ် သွေးထွက်သံယို နှိမ်နင်းမှုများကို မှတ်တမ်းတင်ထားသော်လည်း၊ တစ်ဖက်တွင်လည်း ဝါရှင်တန်၏ ပိတ်ဆို့အရေးယူမှု မူဝါဒများသည် ထိရောက်မှုမရှိကြောင်း ဝေဖန်ထားပြီး စီးပွားရေးအရ ပိုမိုထိတွေ့ဆက်ဆံရန် တိုက်တွန်းထားကြောင်း သိရပါတယ်။
အမေရိကန်မရိန်းတပ်ဖွဲ့ဝင်ဟောင်းဖြစ်သူ အဒမ်ဟာ လက်ရှိအမေရိကန်သမ္မတထရမ့်ရဲ့Make American Great Again (MAGA) နဲ့ သမ္မတထရမ့်တို့အား အားပေးသူဖြစ်ကြောင်းလည်း AAMIJ သတင်းအရင်းအမြစ်များက ဆိုပါတယ်။
