
ရန်ကုန်မြို့ရဲ့ နေ့စဉ်ဘဝထဲမှာ YBS ဘတ်စ်ကားတွေဟာ လူသန်းပေါင်းများစွာအတွက် မရှိမဖြစ် သယ်ယူပို့ဆောင်ရေးစနစ်တစ်ခု ဖြစ်ပါတယ်။
ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ အမျိုးသမီးတွေအတွက် YBS ဟာ သွားလာရေးအဆင်ပြေမှုထက် လုံခြုံရေးစိုးရိမ်မှုတွေ ပိုများလာတဲ့ နေရာတစ်ခု ဖြစ်လာနေပါတယ်။
အထူးသဖြင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှု ယိုယွင်းလာချိန်မှာ အများပြည်သူသုံး ဘတ်စ်ကားတွေပေါ်က လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ ပိုမိုအတင့်ရဲလာခဲ့ပါတယ်။ ပိုပြီး စိုးရိမ်စရာကောင်းတာကတော့ ဒီဖြစ်စဉ်တွေဟာ တစ်ဦးချင်း တဏှာရူးတွေရဲ့ လုပ်ရပ်အဆင့်ကို ကျော်လွန်ပြီး အမျိုးသမီးတွေရဲ့ သိက္ခာကို ငွေရှာဖို့ အသုံးချနေတဲ့ ဆိုက်ဘာရာဇဝတ်ဂိုဏ်းတွေနဲ့ ချိတ်ဆက်နေတယ်ဆိုတဲ့ အချက်ပါပဲ။
လူစည်ကားတဲ့ YBS ပေါ်ကအရဲစွန့်ကျူးလွန်မှု
မကြာသေးခင်က YBS 71 ယာဉ်လိုင်းပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တစ်ခုက အမျိုးသမီးတွေ နေ့စဉ်ရင်ဆိုင်နေရတဲ့ အန္တရာယ်ကို ထင်ထင်ရှားရှား ပြသနေပါတယ်။
ဖြစ်စဉ်ကို ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သူမဟာ နေမကောင်းဖြစ်နေတာကြောင့် ကားပေါ်က ထိုင်ခုံတစ်ခုံမှာ မှီပြီး မျက်စိမှိတ်နားနေခဲ့ပါတယ်။
အဲဒီအချိန်မှာ Mask တပ်ထားပြီး ကျောပိုးအိတ်လွယ်ထားတဲ့ အမျိုးသားတစ်ဦးက သူမအနားကို တဖြည်းဖြည်း တိုးကပ်လာပါတယ်။ အဲဒီအမျိုးသားဟာ လက်တစ်ဖက်နဲ့ အင်္ကျီကိုတင်ထားပြီး ကျန်တဲ့တစ်ဖက်မှာ ကျောပိုးအိတ်နဲ့ ကာထားတာကြောင့် ဘေးပတ်ဝန်းကျင်က လူတွေ သတိမထားမိခဲ့ကြပါဘူး။
ဒါပေမယ့် သူက ဖုံးကွယ်ဖို့ ကြိုးစားနေတာက ရိုးရိုးမဟုတ်ခဲ့ပါဘူး။ သူ့ရဲ့ လိင်အင်္ဂါကို ဘောင်းဘီအပြင်ဘက် ထုတ်ထားပြီး အမျိုးသမီးရဲ့ လက်နဲ့ ထိမိစေဖို့ တမင်သက်သက် ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။
အမျိုးသမီးအများစုအတွက် ဒီလိုအခြေအနေမျိုးဟာ ထိတ်လန့်စရာဖြစ်ပြီး ငြိမ်ခံလိုက်ရတာမျိုး ရှိတတ်ပါတယ်။ ဒါပေမယ့် ဒီအမျိုးသမီးကတော့ မတူခဲ့ပါဘူး။
“နင်စောက်ရှက်မရှိဘူးလား။ ဒီလောက်လင်းထင်းနေတဲ့အချိန်မှာ ဘာစောက်တဏှာရူးတာလဲ”
လို့ ကားပေါ်ရှိ လူအများရှေ့မှာ ချက်ချင်း ထရပ်ပြီး ဟစ်အော်ပတ်မောင်းခဲ့ပါတယ်။
ကျူးလွန်သူက “ငါဘာလုပ်လို့လဲ” လို့ ငြင်းဖို့ ကြိုးစားခဲ့ပေမယ့် အမျိုးသမီးရဲ့ ပြတ်သားတဲ့ တုံ့ပြန်မှုကြောင့် လမ်းသစ်မှတ်တိုင်မရောက်ခင် ကားပေါ်ကနေ အရှက်တကွဲ ဆင်းပြေးသွားခဲ့ရပါတယ်။
“နင်တို့အဲ့လိုလုပ်လို့ ကြောက်ပြီး ငြိမ်ခံနေမယ့် မိန်းမထဲ ငါမပါဘူး”
ဆိုတဲ့ သူမရဲ့စကားဟာ YBS ပေါ်က လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်သူတွေကို ပြတ်သားစွာ စိန်ခေါ်လိုက်တဲ့ စကားတစ်ခွန်း ဖြစ်ပါတယ်။
တဏှာရူးတစ်ယောက်ရဲ့လုပ်ရပ်လား၊ဒါမှမဟုတ်စီးပွားရေးလုပ်ငန်းတစ်ခုလား
ဒီလိုဖြစ်စဉ်တွေကို ကြည့်လိုက်ရင် တဏှာရူးတစ်ယောက်ရဲ့ ဖောက်ပြန်တဲ့ အပြုအမူလို့ ထင်ရနိုင်ပါတယ်။
ဒါပေမယ့် စုံစမ်းလေ့လာမှုတွေအရ နောက်ကွယ်မှာ အမျိုးသမီးတွေရဲ့ သိက္ခာကို ငွေရှာဖို့ အသုံးချနေတဲ့ ဆိုက်ဘာရာဇဝတ်ဂိုဏ်းတွေ ရှိနေတယ်ဆိုတာ တွေ့ရပါတယ်။
သူတို့ဟာ YBS ကားတွေပေါ်မှာ အမျိုးသမီးတွေကို တမင်ချဉ်းကပ်ပြီး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ ကျူးလွန်ကြပါတယ်။ တစ်ချိန်တည်းမှာပဲ နစ်နာသူ အမျိုးသမီးတွေရဲ့ ထိတ်လန့်သွားတဲ့ မျက်နှာအမူအရာတွေကို ဖုန်းနဲ့ တိတ်တဆိတ် ရိုက်ကူးထားကြပါတယ်။
အဲဒီနောက် ဗီဒီယိုအတိုအစတွေကို TikTok ပေါ်မှာ တင်ပြီး လူစိတ်ဝင်စားအောင် ဆွဲဆောင်ကြပါတယ်။
ဗီဒီယိုအပြည့်အစုံ ကြည့်ချင်ရင် Telegram Channel ကို လာဖို့ ဖိတ်ခေါ်ပြီး Telegram ကနေတစ်ဆင့် VIP Group တွေထဲ ဝင်ရောက်ခိုင်းကြပါတယ်။

အမျိုးသမီးတွေရဲ့ သိက္ခာကို ၁၀,၀၀၀ ကျပ်နဲ့ ရောင်းစားနေခြင်း
VIP Group တွေထဲ ဝင်ဖို့အတွက် ဝင်ကြေးအဖြစ် ၁၀,၀၀၀ ကျပ် ကောက်ခံကြပါတယ်။
ငွေပေးချေမှုတွေကို KPay နဲ့ WavePay တို့လို လူသုံးများတဲ့ မိုဘိုင်းငွေကြေးဝန်ဆောင်မှုတွေကနေတစ်ဆင့် စနစ်တကျ လက်ခံနေကြတာ ဖြစ်ပါတယ်။
ပိုပြီး စက်ဆုပ်ဖွယ်ကောင်းတာကတော့ အချို့ရုပ်သံဖိုင်တွေထဲမှာ အမျိုးသမီးတွေ မသိရှိတဲ့အချိန်မှာ ကျူးလွန်သူတွေက ၎င်းတို့ရဲ့ သုတ်ရည်တွေကို အမျိုးသမီးတွေရဲ့ ဆံပင်ပေါ်သို့ ပန်းထုတ်တဲ့အထိ ကျူးလွန်ထားတာတွေ ပါဝင်နေပါတယ်။
ဒါဟာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတစ်ခုတည်း မဟုတ်တော့ဘဲ အမျိုးသမီးတွေရဲ့ လူ့ဂုဏ်သိက္ခာနဲ့ ပုဂ္ဂိုလ်ရေးလုံခြုံမှုကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေတဲ့ ရာဇဝတ်မှုတစ်ခု ဖြစ်ပါတယ်။
ပိုပြီး နာကျင်စရာကောင်းတာက နစ်နာသူ အမျိုးသမီးတွေရဲ့ မျက်နှာတွေကို ဖုံးကွယ်မထားဘဲ အထင်အရှား ဖော်ပြထားတာပါ။
ကျူးလွန်သူတွေကတော့ Mask တွေတပ်ပြီး သူတို့ရဲ့ အထောက်အထားကို ဖုံးကွယ်ထားကြပေမယ့် ဘာမှမသိခဲ့တဲ့ အမျိုးသမီးတွေကတော့ လူထုရှေ့မှာ အရှက်ခွဲခံနေရပါတယ်။

အမျိုးသမီးတွေရဲ့လုံခြုံရေးအတွက်အရေးပေါ်သတိပေးချက်
ဒီဖြစ်စဉ်ဟာ YBS ပေါ်က လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတစ်ခုထက် ပိုပါတယ်။
ဒါဟာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်နဲ့ ဂုဏ်သိက္ခာကို အသုံးချပြီး ဆိုက်ဘာနည်းပညာကနေ ငွေရှာနေတဲ့ စနစ်တကျဖွဲ့စည်းထားသော ရာဇဝတ်မှုတစ်ခု ဖြစ်ပါတယ်။
YBS စီးနင်းသူ အမျိုးသမီးတွေအနေနဲ့ မိမိဘေးမှာ အင်္ကျီ၊ အိတ် သို့မဟုတ် အခြားအရာတွေနဲ့ ကွယ်ကာပြီး မသင်္ကာဖွယ် ကပ်လာသူတွေ ရှိရင် သတိထားသင့်ပါတယ်။ ကြုံတွေ့လာရပါက ကြောက်ရွံ့ပြီး ငြိမ်ခံမနေဘဲ လူအများသိအောင် အသံထွက်တုံ့ပြန်တာ၊ အကူအညီတောင်းတာတွေ ပြုလုပ်သင့်ပါတယ်။
တစ်ဖက်မှာလည်း YBS ယာဉ်လိုင်းတာဝန်ရှိသူတွေက CCTV စနစ်တွေ ပိုမိုတပ်ဆင်စောင့်ကြည့်ဖို့ လိုအပ်သလို KPay၊ WavePay အပါအဝင် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေကလည်း ဒီလိုရာဇဝတ်မှုတွေမှာ အသုံးပြုနေတဲ့ ငွေကြေးလမ်းကြောင်းတွေကို စုံစမ်းဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူပိတ်ဆို့ဖို့ လိုအပ်နေပါတယ်။
အမျိုးသမီးတွေရဲ့ ဘေးကင်းလုံခြုံခွင့်နဲ့ လူ့ဂုဏ်သိက္ခာကို ငွေကြေးနဲ့ အရောင်းအဝယ်လုပ်နေတဲ့ ဒီလိုအောက်တန်းစား လုပ်ရပ်တွေကို လူထုတစ်ရပ်လုံးက ဝိုင်းဝန်းဖော်ထုတ် ဆန့်ကျင်ပြီး နှိမ်နင်းရမယ့် အချိန် ရောက်ရှိနေပြီ ဖြစ်ပါတယ်။
