အာဏာသိမ်းစစ်တပ်က ဖုန်းအတုများ ကာကွယ်ရန်နဲ့ ဖုန်းပျောက်ဆုံး/ခိုးခံရပါက အသုံးမပြုနိုင်ရန်ဆိုတဲ့ အကြောင်းပြချက်ဖြင့် မိုဘိုင်းဖုန်းများရဲ့ IMEI နံပါတ်များကို မှတ်ပုံတင်ရန် ဒီကနေ့ ထုတ်သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ကြေညာလာပါတယ်။
AAMIJ ရဲ့ စုံစမ်းသိရှိထားတဲ့ အချက်အလတ်များအရ ၎င်းတို့ဟာ ဖုန်းလုံခြုံရေးအတွက် မဟုတ်ဘဲ တော်လှန်ရေးအင်အားစုများကို စနစ်တကျခြေရာခံ ဖမ်းဆီးရန် ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ခိုင်လုံတဲ့ သက်သေအထောက်အထားများနဲ့တကွ သိရှိရပါတယ်။
IMEIကို မှတ်ပုံတင်လိုက်ခြင်းဟာ စစ်တပ်က ၄င်တို့ဖမ်းချင်တဲ့သူတွေကို အချိန်မရွေး နေရာအတိကျနဲ့ ဖမ်းဆီးနိုင်သလို ဖမ်းဆီခံထားရဖူးသူတွေလဲရှိခဲ့တာကို AAMIJက အချိန်အတော်ကြာ စုံစမ်းသိရှိခဲ့ပါတယ်။

IMEI နံပါတ်ဆိုတာဘာလဲ?
IMEI( International Mobile Equipment Identity)ဆိုသည်မှာ ဖုန်းတစ်လုံးချင်းစီအတွက် သီးသန့်သတ်မှတ်ထားတဲ့ ဂဏန်း ၁၅ လုံးပါ “ကိုယ်ပိုင်မှတ်ပုံတင်နံပါတ်” ဖြစ်ပါတယ်။ လူတစ်ယောက်မှာ မှတ်ပုံတင်နံပါတ်တစ်ခုစီ ရှိသကဲ့သို့ ဖုန်းတိုင်းမှာလည်း မတူညီတဲ့ IMEI နံပါတ်များ ရှိကြပါတယ်။ ကိုယ်ဝယ်မယ့်ဖုန်းဟာ original ဟုတ်မဟုတ် IMEI နဲ့ စစ်နိုင်ပါတယ်။

IMEI ကနေတဆင့် စစ်တပ်က မည်သို့ထိန်းချုပ် ဖမ်းဆီးနိုင်သလဲ?

ခြေရာခံခြင်း – အင်တာနက်မလိုဘဲ IMEIနံပါတ်ကနေတဆင့် စစ်တပ်က မိုဘိုင်းဖုန်းသုံးစွဲသူတွေကို ခြေရာခံနိုင်ပါတယ်။ မိုဘုန်းဖုန်းကို ဖွင့်လိုက်တာနဲ့ ဆင်းကဒ်မလို၊အင်တာနက်မလိုပဲ မိုဘိုင်းဖုန်းရဲ့ တည်နေရာကို အတိကျရှာဖွေနိုင်ပါတယ်။ IMEI နံပါတ်ဟာ ဖုန်းရဲ့ ကိုယ်ပိုင်မှတ်ပုံတင်နံပတ် ဖြစ်တဲ့အတွက် ဖုန်းထဲကို ဘယ် SIM ကတ်ပဲထည့်ထည့်၊ အဲ့ဒီဖုန်းက ဖုန်းတာဝါတိုင် (Cell Tower) တစ်ခုခုနဲ့ ချိတ်ဆက်လိုက်တာနဲ့ Operatorဆီမှာ မှတ်တမ်းဝင်သွားပါတယ်။

ဖုန်းကိုသုံးစွဲလိုမရအောင်ပြုလုပ်နိုင်ခြင်း – IMEIနံပါတ်ကို ဖုန်းအော်ပရေတာထံမှာ စစ်တပ်က Blacklist ထည့်သွင်းလိုက်ပါက အဆိုပါ မိုဘိုင်းဖုန်းဟာ မည်သည်ဖုန်းဆင်းကဒ်မှ ထည့်သွင်း အသုံးပြု၍ မရနိုင်ခြင်း နဲ့ အင်တာနက်ချိတ်ဆက် အသုံမပြုနိုင်ခြင်း စတာတို့ကို စစ်တပ်က ပြုလုပ်နိုင်ပါတယ်။

စောင့်ကြည့်ခံရခြင်း –
IMEI မှတစ်ဆင့် ဖုန်းအဝင်အထွက်နဲ့ SMS စာတိုပေးပို့မှုအားလုံးကို စစ်တပ်က ကြားဖြတ်နားထောင်ခြင်း၊ စောင့်ကြည့်ခြင်းများ ပြုလုပ်နိုင်ပါတယ်။

မိုဘိုင်းဖုန်းသုံစွဲသူကို အတိကျဖော်ထုတ်နိုင်ခြင်း – ဒီအချက်ဟာလဲ အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ IMEIကနေတဆင့် မိုဘိုင်းဖုန်းသုံးစွဲသူဟာ ဘယ်သူဖြစ်တယ်ဆိုတာကို စစ်တပ်က သိနိုင်ပြီး ၄င်းတို့အနေနဲ့ လူဖမ်းဆီးရာမှာ အတိကျဖမ်းဆီးနိုင်ပါတယ်။

IMEIကနေတဆင့် ဖမ်းဆီးခံရသူများရှိနေခြင်း
IMEIကနေတဆင် စစ်တပ်က တော်လှန်ရေးလူငယ်တွေကို ဖမ်းဆီးတာဟာ လွန်ခဲ့တဲ့တစ်နှစ်ကျော် ၂၀၂၄ခုနှစ်ထဲက စစ်တပ်က ရန်ကုန်မြို့မှာ စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဖြစ်စဉ် (၁)
၂၀၂၄ နှစ်ကုန်ပိုင်းမှာ ရန်ကုန်မြို့လယ်ရှိ DownTown မြို့နယ်တစ်ခုမှာ နေထိုင်တဲ့ တော်လှန်ရေးလူငယ်တစ်ဦးကို ည ၁၀ နာရီဝန်းကျင်မှာ စစ်တပ်က ၎င်းရှိရာ တိုက်ခန်းအထိ တိကျစွာ လာရောက်ဖမ်းဆီးသွားခဲ့ပါတယ်။ ၎င်းတို့ဟာ IMEI ခြေရာခံစနစ်ကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးလူငယ်ရဲ့ နီးစပ်သူထံမှ သိရပါတယ် ။လုံခြုံရေးအရ မြို့နယ် အတိကျကို မဖော်ပြခြင်း ဖြစ်ပါတယ်။
ဖြစ်စဉ် (၂)
နောက်ထပ်လူငယ်တစ်ဦးကိုလဲ IMEIကနေတဆင့် ခြေရာခံဖမ်းဆီးဖို့ စစ်တပ်က ကြိုးစားခဲ့တာကြောင့် အဆိုပါလူငယ်ဟာ မိုဘိုင်းဖုန်းကို ပိတ်ထားခဲ့ပြီး ရှောင်တိမ်းခဲ့ရပါတယ်။
၎င်းရဲ့ဖုန်းကို AAMIJ သတင်းထောက်တစ်ဦးထံ သက်သေအဖြစ် ပေးအပ်ခဲ့ပြီး အဆိုပါ လူငယ်မှာ လွတ်မြောက်သွားခဲ့ပါတယ်။

IMEI အချက်အလက်များကို မည်သို့ ရရှိသလဲ?
၂၀၂၄ ခုနှစ်အတွင်းကပင် ရန်ကုန်ရှိ ဖုန်းအရောင်းဆိုင်ကြီးများ၌ ဖုန်းဝယ်ယူသူတိုင်းရဲ့ မှတ်ပုံတင်နဲ့ အချက်အလက်များကို စုဆောင်းရန် စစ်တပ်က လျှို့ဝှက်ညွှန်ကြားခဲ့ပါတယ်။ ဒါ့ကြောင့် ဖုန်းဆိုင်များရှိ အချက်အလက်အများစုမှာ စစ်တပ်လက်ထဲသို့ ရောက်ရှိပြီးသား ဖြစ်နေပါတယ်။

IMEIရဲ့ တိကျမှု
စစ်တပ်အတွက် IMEIနဲ့ ဖမ်းဆီးတာဟာ GPS, Sim Card ကနေတဆင့်ခြေရာခံခြင်းတို့ထက်ကို ပိုမိုတိကျစွာ ဖမ်းဆီးနိုင်ပါတယ်။ မိုဘိုင်းဖုန်းကို ဖွင့်လိုက်တာနဲ့ IMEIကနေ တဆင့် တည်နေရာကို အတိကျသိနိုင်တာကြောင့် ဖြစ်ပါတယ်။

ဘယ်သူက အဆိုပါနည်းပညာကို ထောက်ပံ့ပေးသလဲ?
ထိုကဲသို့ တိကျစွာခြေရာခံနိုင်တဲ့ နည်းပညာများကို အစောပိုင်းမှာ အစ္စရေးနိုင်ငံမှ ရရှိခဲ့သော်လည်း နောက်ပိုင်းမှာ တရုတ်နိုင်ငံအခြေစိုက် Huawei ကုမ္ပဏီကဲ့သို့သော နည်းပညာကုမ္ပဏီများက ဆက်လက်ပံ့ပိုးပေးနေကြောင်း စုံစမ်းသိရှိရပါတယ်။

အထူးသတိပေးချက်
တော်လှန်ရေးအင်အားစုများအနေဖြင့် ဖုန်းဝယ်ယူရာမှာလည်းကောင်း၊ အသုံးပြုရာမှာလည်းကောင်း မိမိတို့ရဲ့ IMEI
နံပါတ်နဲ့ ကိုယ်ရေးအချက်အလက်များ လုံခြုံမှုရှိစေရန်
အထူးဂရုပြုကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
