စစ်တပ်က ဆိုက်ဘာဥပဒေကို ပြီးခဲ့သည့်လက အတည်ပြုပြဋ္ဌာန်းပြီးနောက် ခရီးသွားလာသည့် အရပ်သားပြည်သူများကို ဖုန်းစစ်ဆေးခြင်းနှင့် VPN အသုံးပြုခြင်း ရှိမရှိ စစ်ဆေးခြင်းတို့ကို တင်းကျပ်စွာ အဓိကထား လုပ်ဆောင်လာသည်ကို AAMIJ က ခရီးသွားပြည်သူဆယ်ယောက်ထက်မနည်းကို မေးမြန်းစုံစမ်းချက်အရသိရှိ ခဲ့ရသည်။
AAMIJ မှ စုံစမ်းသိရှိထားသည့် နေရာများ
ရန်ကုန်-မန္တလေး အမြန်လမ်း
ရန်ကုန်-မန္တလေး အမြန်လမ်း (မိုင်တိုင် 0ဂိတ်) တွင် စစ်တပ်က ဖုန်းများကို စစ်ဆေးနေပြီး VPN ရှိမရှိကို အဓိကထား စစ်ဆေးနေသည်ဟု ခရီးသွားပြည်သူများထံမှ စုံစမ်းသိရှိထားသည်။
“သူတို့ရဲ့ စစ်ဆေးရေးဂိတ် ရောက်ရင် ဖုန်းတောင် အသုံးပြုခွင့် မရှိပါဘူး။ ကားပေါ်ထိ တက်စစ်ပါတယ်။ X-ray စက်ဖြတ်ရင် အကုန်ပေါ်ပါတယ်။ ဖုန်းဖွင့်လိုက်တာနဲ့ သူတို့စက်မှာ တန်းပေါ်ပါတယ်။ နည်းပညာကောင်းကောင်း သုံးထားတာ။ ဂိတ်ကိုလည်း ရှယ်ဆောက်ထားတာ” ဟု ခရီးသွားပြည်သူအမျိုးသားတစ်ဦးက AAMIJ ကို ပြောသည်။
အဆိုပါ စစ်ဆေးရေးဂိတ်တွင် ခရီးသွားလာသူ၏ မှတ်ပုံတင်နှင့် တိုက်စစ်ပြီး “ဘယ်ကိုသွားမှာလဲ၊ ဘာကြောင့်သွားတာလဲ” ဟူ၍ မေးမြန်းကာ ကိုယ်ရေးအချက်အလက် လိပ်စာများပါ ဂိတ်တွင် ပေးရသည်ဟု သိရသည်။
နေပြည်တော်အဝင်ဂိတ်တွင်လည်း ဖုန်းများ စစ်ဆေးရုံတင်မကဘဲ မျက်လုံးကို scan ဖတ် စစ်ဆေးခြင်းကိုပါ လုပ်ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။
“တော်တော်စစ်တယ်။ မျက်လုံးတွေဘာတွေ Scan ဖတ်တာ။ အဲဒါက နေပြည်တော်အဝင်မှာပါ” ဟု အသက် ၃၀ ကျော်အရွယ်ရှိ ခရီးသွားအမျိုးသမီးတစ်ဦးက ပြောသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့
ကရင်ပြည်နယ်၊ ဘားအံမြို့အဝင်တွင်လည်း အိမ်စီးကားများကိုပါ ဖုန်းများ စစ်ဆေးနေပြီး recent delete (မကြာသေးမီက ဖျက်ထားသည်များ) အထိပါ စစ်သည်ဟု သိရှိရသည်။
“ကျွန်မတို့ မောင်းသွားတဲ့ အိမ်စီးကားတွေကိုပါ စစ်တာ။ ဖုန်းထဲမှာ ဖျက်ထားလား မဖျက်ထားလားသိအောင် recent delete တွေအထိပါ စစ်တာ။ ကျွန်မတို့ဖုန်းက အန်းဒရွိုက်ဆိုတော့ ပရိုဖိုင် ၂ ခု ခွဲလို့ရတယ်။ အဲဒါကိုပါ ဒီကောင်တွေက သိတယ်။ အဲဒါပါ စစ်တာ” ဟု ကုန်သွယ်စီးပွားရေးလုပ်နေသည့် အမျိုးသမီးတစ်ဦးက AAMIJ ကို ပြောသည်။
ခရီးသွားများအတွက် ပြည်သူအချင်းချင်း သတိပေးချက်
ရန်ကုန်မှ မန္တလေးသို့ ခရီးသွားသည့် အမျိုးသမီးတစ်ဦးကတော့ အခုလို သတိပေး ပြောဆိုထားသည်။
“ဖြစ်နိုင်ရင် ခရီးသွားတဲ့အခါ VPN ဖျက်ဖို့၊ ဓာတ်ပုံတွေ ဖျက်ဖို့ အကြံပေးချင်တယ်။ ညီမဖုန်းကိုတော့ gallery အရင်စစ်တယ်။ တခြားဆော့ဖ်ဝဲတွေ စစ်တယ်။ Facebook စစ်တယ်။ ညီမကတော့ Facebook အကောင့်အတုဖွင့်ထားတဲ့ အခြားဖုန်းတစ်လုံး ပြလိုက်တယ်” ဟု ဖုန်းအစစ်ဆေးခံရသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
ဒါ့အပြင် ယာဉ်လိုင်းများကလည်း သတိပေး ပြောဆိုခြင်းများ ရှိကြောင်း ခရီးသွားပြည်သူများက ပြောပြလာခြင်းများ ရှိသလို လူမှုကွန်ရက်ပေါ်တွင် ယာဉ်လိုင်းအချို့က သတိပေးထားသည်ကိုလည်း တွေ့မြင်ရသည်။
“ယာဉ်လိုင်းတွေရဲ့ ယာဉ်အကူတွေကလည်း သူတို့ရဲ့ ဂိတ်နားရောက်ရင် ဖုန်းမသုံးဖို့၊ ဖုန်းထဲက အချက်အလက်တွေကို ဖျက်ဖို့ကို သတိပေးတယ်” ဟု ရန်ကုန်-မန္တလေး အမြန်လမ်းမှ ခရီးသွားသည့် ပြည်သူတစ်ဦးကလည်း ပြောပြထားသည်။
“အကောင်းဆုံးကတော့ အဲလို ခရီးသွားမယ်ဆိုရင် နောက်ထပ်ဖုန်းတစ်လုံးသာ ယူသွားပါ။ အဲဒီဖုန်းကလည်း နိုင်ငံရေးကင်းရှင်းနေပါစေ။ Facebook မှာလည်း နိုင်ငံရေးပို့စ်တွေ share ထားရင် ဖျက်ထားပါ။ သူတို့က Recent Delete အထိပါ စစ်တာ။ ကျွန်တော်က ကိုယ်တွေ့မို့ ပြောပြတာ။ အပိုတစ်ခုမှ မပါဘူး” ဟု ဘားအံသို့ ခရီးသွားသည့် အိမ်စီးကားမောင်း အမျိုးသားတစ်ဦးက ပြောသည်။
#စစ်တပ်က ဆိုက်ဘာဥပဒေကို ဘယ်အချိန်က စတင်ခဲ့သလဲ
စစ်တပ်က ဆိုက်ဘာဥပဒေကို ၎င်းတို့စိတ်ကြိုက် ပြင်ဆင်ပြီး အတည်ပြုပြဋ္ဌာန်းရန်အတွက် ယခုနှစ် ဇန်နဝါရီလထဲက စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ဇူလိုင်လ ၃၀ ရက်နေ့တွင် စစ်တပ်က ၎င်းတို့စိတ်ကြိုက် ပြင်ဆင်ရေးဆွဲထားသည့် ဆိုက်ဘာလုံခြုံရေးဥပဒေကို အတည်ပြုပြဋ္ဌာန်းလိုက်သည်။
အဆိုပါ ဆိုက်ဘာဥပဒေတွင် ခွင့်ပြုချက်မရှိဘဲ VPN ထူထောင်ခြင်းနှင့် VPN ဝန်ဆောင်မှုပေးခြင်းများ ပြုလုပ်ပါက အနည်းဆုံး ထောင်ဒဏ် တစ်လမှ အများဆုံး ထောင်ဒဏ် ၆ လအထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ငွေကျပ် ဆယ်သိန်းမှ အများဆုံး ကျပ် သိန်းတစ်ရာထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ရော ငွေဒဏ်ပါ ပြစ်ဒဏ်နှစ်ခုလုံး ချမှတ် နိုင်သည်ဟုဖော်ပြထားသည်။
စစ်တပ်လက်အောက်ခံ လက်ပါးစေများကတော့ ဆိုက်ဘာဥပဒေ အသံစထွက်သည့် အချိန်ကစပြီး ဥပဒေပင် အတည်ပြု မပြဋ္ဌာန်းရသေးခင်ထဲက အရပ်သားပြည်သူများ၏ ဖုန်းများကို စစ်ဆေးကာ VPN တစ်ခုကို အနည်းဆုံး တစ်သိန်းမှစပြီး ငွေညှစ်
ခြင်းများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
အများပြည်သူများအနေဖြင့် ဖုန်းအစစ်ဆေးခံရခြင်းများနှင့် ပတ်သက်ပြီး အတွေ့ကြုံများကို မှတ်ချက်ပြုပေးသွားနိုင်ပါသည်။