September 13, 2025 - ပန်းပင်ကြီးလမ်းဒုတိယအကြိမ် သပိတ်ဖြိုခွင်းခံရမှု ၃ နှစ်ပြည့်၊ သို့မဟုတ် ကျွန်တော်ဖမ်းဆီးခံရမှု ၃ နှစ်ပြည့်September 12, 2025 - The Vicious Lie: How a ‘Democratic’ Election is Really a Threat to Free SpeechSeptember 1, 2025 - ဈေးကွက်အတွင်း ထိုင်းကုန်စည်များပြတ်လပ်၍ မြန်မာထုတ်ကုန်များဖြင့် အစားထိုးလာAugust 25, 2025 - ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှု အထိမ်းအမှတ်နေ့ဘင်္ဂလားဒေရှ်နိုင်ငံက ဒုက္ခသည်စခန်းတွင်ပြုလုပ်August 22, 2025 - တင်းကျပ်လာသည့် စစ်တပ်၏ ဖုန်းစစ်ဆေးမှုများနှင့် VPN ကို အဓိကထား စစ်ဆေးနေမှုများAugust 22, 2025 - အမျိုးသမီး လစဉ်သုံးပစ္စည်းတွေ ပြည်တွင်းမှာ ပြတ်လပ်နေတာကြောင့် အခက်တွေ့နေရAugust 18, 2025 - သူခိုးတွေကလူပြန်ဟစ်၊မလုံခြုံမှုထဲနစ်နေရတဲ့ရန်ကုန်ပြည်သူတွေAugust 8, 2025 - BreakingNews: Military arrests young protesters commemorating 8888 in MandalayAugust 8, 2025 - People throughout Yangon hold 8888 umbrella strike protestsAugust 7, 2025 - ရန်ကုန်မြို့တွင် AAMIJ မှ စုံစမ်းရရှိထားတဲ့ လူကုန်ကူးအဖွဲ့များ

သူခိုးတွေကလူပြန်ဟစ်၊မလုံခြုံမှုထဲနစ်နေရတဲ့ရန်ကုန်ပြည်သူတွေ

သူခိုးသုံးယောက်ကိုတော့ စခန်းကို အပ်လိုက်တယ် စခန်းက လာခေါ်သွားပြီ။ အခုစခန်းက ဘာဖြစ်လဲဆိုတော့ သူတို့က ပြန်အမှုဖွင့်တယ်တဲ့။ သူတို့ကို ရိုက်ပုတ်ထားတဲ့သူတွေကို ပြန်အမှုဖွင့်မယ်ဆိုပြီး ရဲကနေ ရိုက်တဲ့သူတွေကို ပြန်အမှုဖွင့်မယ့် ပုံစံမျိုးဖြစ်နေတယ်။” ဒါကတော့ ဖောက်ထွင်းသမားကို ဝိုင်းဝန်းဖမ်းဆီးခဲ့တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးကပြောပြတာပါ။

ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြောင်းကြီးလမ်းမှာ ခိုးမှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ဆယ်ကျော်သက်လို့ယူဆရတဲ့ ခိုးယူသူ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦးတို့ကို မျက်မြင်ဒေသခံတွေက ဖမ်းဆီးခဲ့ပြီး ဒီရုပ်သံဖိုင်ဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

လက်ရှိမှာတော့ အဆိုပါ ဖောက်ထွင်းခိုးယူသူသုံးဦးကို ရဲစခန်းပို့ဆောင်ထားပေမဲ့ ခိုးယူသူတွေဘက်ကနေ ပြန်လည်အမှုဖွင့်ဖို့ ဆောင်ရွက်နေကြတယ်လို့ ရပ်ကွက်နေပြည်သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒီလိုအခြေအနေတွေကြောင့် တစ်နေ့ထက်တစ်နေ့ ပိုများလာတဲ့ ခိုးဆိုးလုယက်မှုတွေကြားမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့တောင် ခက်ခဲလာတဲ့အပေါ် ရန်ကုန်မြို့နေ ပြည်သူတွေဟာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာနေပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်မှာ အခုဖြစ်ခဲ့တဲ့ ခိုးမှုဖြစ်စဉ်က ဖမ်းမိတဲ့သူတွေဟာ “အမှိုက်ကောက်သူတွေ” အဖြစ် ဟန်ဆောင်ပြီး ညအချိန်မတော်မှာ လှုပ်ရှားနေကြတာလို့ မျက်မြင်ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီက ညမထွက်ရအမိန့်ထုတ်ပြန်ထားပေမဲ့ ဒီလူအုပ်စုတွေကတော့ လမ်းပေါ်မှာ လွတ်လပ်စွာ သွားလာနေကြပြီး လုံခြုံရေးတွေက မေးမြန်းတဲ့အခါ “အမှိုက်ကန်” အလုပ်သမားလို့ ဖြေလိုက်ရုံနဲ့ အလွယ်တကူ လွတ်မြောက်သွားတတ်ကြတယ်လို့ ပြောပါတယ်။

“ကုန်ကုန်ပြောရရင် ကိုယ့်မျက်စိရှေ့မှာ ဖောက်ထွင်းခိုးနေတာတွေ့ရင်တောင် ရပ်ကွက်ထဲက လူတွေက မထွက်ရဲဘူး။

မတော်လို့ လှည့်ကင်းတွေနဲ့တွေ့ရင် သူခိုးဖမ်းတဲ့သူက ဒုက္ခရောက်တာ။” လို့ မင်္ဂလာတောင်ညွန့်မြို့နယ်နေ အမျိုးသားတစ်ဦးက ရှင်းပြပါတယ်။

ဒီဖောက်ထွင်းခိုးယူသူအများစုဟာ မင်္ဂလာတောင်ညွန့် မီးရထားလိုင်းခန်းတွေမှာ အဓိကနေထိုင်ကြပြီး ဆိုက်ကားသမား၊ ပလုံကောက်သူ စတဲ့ ပုံစံအမျိုးမျိုးနဲ့ မြို့နယ်အနှံ့ လှုပ်ရှားနေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စည်ပင်သာယာရေးကော်မတီကလည်း အမြဲတမ်းဝန်ထမ်းတွေအစား နေ့စားဝန်ထမ်းတွေကို အသုံးများလာတာကြောင့် ကြီးကြပ်မှု အားနည်းလာတယ်လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။

“သူတို့က ဘယ်ကနေလာမှန်းမသိဘူး။ လမ်းဘေးက အမှိုက်ပုံတွေကို သူတို့ကို စည်ပင်က တာဝန်ချထားတာ။

စည်ပင်က ခေါ်ထားတာတွေက နေ့စားများတယ်။” လို့လည်း ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ပြောပြပါတယ်။

ပလုံကောက်တဲ့ပုံစံ ဟန်ဆောင်ထားတဲ့ ဒီလူအုပ်စုတွေဟာ တွန်းလှည်းတွေ၊ ခိုးဖို့လိုအပ်တဲ့ ကိရိယာအပြည့်အစုံနဲ့ အုပ်စုဖွဲ့ပြီး ကားအစိတ်အပိုင်းတွေ၊ ဆီ/ဒီဇယ်တွေနဲ့ လမ်းဘေးဆိုင်က ပစ္စည်းတွေကို ခိုးယူနေကြတာပါ။

ဒီလို လူမြင်ကွင်းမှာတောင် အုပ်စုဖွဲ့ခိုးရဲလာတဲ့ အခြေအနေဟာ ရန်ကုန်မြို့နေပြည်သူတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာ အနေအထားတစ်ခုဖြစ်လာနေပါတယ်။

ဥပဒေမဲ့မှုရဲ့ သားကောင်ဖြစ်နေရတဲ့ ပြည်သူတွေဟာ ဖောက်ထွင်းခိုးယူမှုတွေ ဆက်တိုက်ဖြစ်နေပေမယ့် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကာကွယ်ဖို့တောင် ခက်ခဲနေကြတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ရင်ဖွင့်ပါတယ်။

“လူတွေက ခိုးနေတာတွေ့ရင်တောင် သွားဟန့်မတားရဲဘူး။ ပြန်အန္တရာယ်ပြုခံရမှာ ကြောက်တော့ မလုပ်ရဲကြဘူး။” လို့ ရန်ကုန်မြို့နေအမျိုးသားတစ်ဦးက ပြောပြပါတယ်။

ဒါ့အပြင် အမှုဖွင့်တဲ့အခါမှာလည်း ခိုးသူတွေက ပြန်အမှုဖွင့်တာမျိုးတွေရှိနေတာကြောင့် အခိုးခံရသူကပဲ နစ်နာရတဲ့ အဖြစ်တွေရှိနေပါတယ်။

“သူခိုးကို ရိုက်မိတော့ အခိုးခံရတဲ့သူက သူခိုးကို ပိုက်ဆံတွေရော ဆေးကုခတွေရော ပြန်လျော်လိုက်ရသေးတာ။” လို့ မင်္ဂလာတောင်ညွန့်မြို့နယ်နေ အမျိုးသမီးတစ်ဦးက သူ့အတွေ့အကြုံကို ပြောပါတယ်။

အခုနောက်ပိုင်း ဖောက်ထွင်းသူအများစုဟာ အိမ်ရှင်တွေ သတိမထားမိစေဖို့ အိပ်ငွေ့ချတာမျိုး ဒါမှမဟုတ် မူးယစ်စေတဲ့ဆေးတစ်မျိုးမျိုး သုံးတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက သုံးသပ်နေကြပါတယ်။

“ဘေးအိမ်က ကောင်မလေးဆို ၅ လွှာကနေ ခိုးခံရတာ။ သူက မနက် ၄ နာရီဆို နိုးနေကျ။ အဲဒီနေ့က ဘာဖြစ်လဲမသိ၊ တအားအိပ်ချင်ပြီး စကားတောင်မပြောနိုင်ဘူးတဲ့။ မနက် ၆ နာရီမှ ပြန်နိုးတော့ ဖုန်းရော ပိုက်ဆံအိတ်တွေပါ မရှိတော့ဘူးတဲ့။” လို့ မင်္ဂလာတောင်ညွန့်မြို့နယ်နေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

တရားဥပဒေ စိုးမိုးမှု လျော့ရဲလာတာနဲ့အမျှ ပြည်သူတွေဟာ ကိုယ့်ပစ္စည်းကိုယ် လုံခြုံအောင်ထားဖို့နဲ့ ဘယ်သူ့ကိုမှ အားကိုးလို့မရတော့ကြောင်း အချင်းချင်း သတိပေးနေကြရတဲ့ အခြေအနေကို ရောက်နေကြပါတယ်။

ကိုယ့်အိမ်က ပစ္စည်းခိုးသွားတဲ့သူကို တွေ့လို့ အုပ်ချုပ်ရေးမှူးကို တိုင်တန်းရင်တောင် “မျက်မြင်သက်သေရှိမှ ပြန်ယူပေးလို့ရမယ်” လို့ ပြောခံရတဲ့ အဖြစ်တွေလည်း ရှိနေပါတယ်။

“သူခိုးခိုးခံရပါတယ်ဆိုမှ ဘယ်က မျက်မြင်သက်သေက ရှိမှာလဲ။ ခိုးခံရပြီးမှတော့ ဘယ်မှမလိုက်နဲ့တော့၊ ပြန်မရဘူး။

အဲ့တော့ ကိုယ့်ပစ္စည်းကိုယ် လုံအောင်ထား၊ ကိုယ့်ဟာကိုယ်ကာကွယ်။ ဘယ်သူမှ အားကိုးလို့မရဘူး” လို့ မင်္ဂလာတောင်ညွန့်မြို့နယ်နေ အမျိုးသမီးတစ်ဦးက စိတ်ပျက်လက်ပျက် ပြောဆိုပါတယ်။

ခိုးမှုတွေ တိုးပွားရခြင်းရဲ့ အကြောင်းရင်း ခိုးမှုတွေ များလာတာကို စီးပွားရေးကျပ်တည်းမှုနဲ့ အလုပ်လက်မဲ့ပြဿနာကြောင့်လို့ တချို့က သုံးသပ်ကြပေမဲ့ တချို့ကတော့ သဘောထားမတူကြပါဘူး။

“တကယ်တမ်းပြောရရင် အလုပ်လက်မဲ့များလာကြတာ မဟုတ်ဘူး။ လက်ရှိ စက်ရုံ၊ အလုပ်ရုံ၊ အရောင်းဆိုင်တွေမှာ ဝန်ထမ်းလိုနေတာပဲ။ ပြဿနာက လုပ်စားရင် မကိုက်ဘူး၊ တောင်းစားရင် ကိုက်တယ်။ ဒီ့ထက်တစ်ဆင့်မြင့်ပြီး ခိုးစားရင် ပိုမိုက်တယ်ပေါ့။ လူတွေရဲ့ သဘောသဘာဝက အဲလို ဖြစ်နေကြပြီ။” လို့ မင်္ဂလာတောင်ညွန့်မြို့နယ်နေ အမျိုးသားတစ်ဦးက သုံးသပ်ပါတယ်။

ဒီလိုအနေအထားမှာ ရုန်းကန်လှုပ်ရှား အလုပ်လုပ်ကိုင်နေသူတွေက ဘာမှမလုပ်ဘဲ ခိုးဆိုးလုယက်နေသူတွေကို ပြန်ကြောက်နေရတဲ့ အခြေအနေကို ရောက်နေပါတယ်။

ဒါဟာ တရားဥပဒေစိုးမိုးမှု ကွယ်ပျောက်နေခြင်းရဲ့ အဓိက လက္ခဏာတစ်ခုဖြစ်ပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုအတွက် ကြီးမားတဲ့ မေးခွန်းတွေ ပေါ်ပေါက်လာနေပါတယ်။

မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု အခြေအနေ ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုနှုန်းဟာ ၂၀၂၂ ခုနှစ်မှာ လူဦးရေရဲ့ ၄၀% အထိ မြင့်တက်လာခဲ့ပြီး ၂၀၁၇ ခုနှစ်က ဆင်းရဲမွဲတေမှုနှုန်းထက် နှစ်ဆနီးပါး တိုးလာတယ်လို့ ဆိုပါတယ်။

မြို့ပြဆင်းရဲနွမ်းပါးမှုအတိမ်အနက်ဟာ ၂၀၁၇ ခုနှစ်ကနေ ၂၀၁၃ခုနှစ်အတွင်း ၂ရာခိုင်နှုန်းကနေ ၂၆ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (United Nations Development Programme)ရဲ့ ၂၀၂၅ခုနှစ် ဇွန်လ ၃ရက်မှာဖော်ပြထားတဲ့ စစ်တမ်းအရ သိရပါတယ်။

ရန်ကုန်မြို့ပြလူဦးရေ ၆ဒသမ၂ သန်းမှာ ဆင်းရဲနွမ်းပါးသူ ၂ သန်းလောက် တိုးလာပြီး လက်ရှိမှာတော့ လူပေါင်း ၂ဒသမ၇ သန်းနီးပါးဟာ ဆင်းရဲမွဲတေမှုမျဉ်းအောက်မှာ နေထိုင်နေကြတယ်လို့ ဆိုလိုတာပါပဲ။

ရန်ကုန်မြို့မှာ ဆင်းရဲမွဲတေမှုမျဥ်းအောက် ကျဆင်းလာနေသူများသာမက ဆင်းရဲနွမ်းပါးသူများမှာလည်း ယခင်ထက် ဆင်းရဲမွဲတေမှုမျဉ်းအောက် ပိုမိုများပြားလာနေပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းမှုနဲ့ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာမှုတွေဟာ ဆင်းရဲမွဲတေမှုကို ပိုမိုဆိုးရွားစေနိုင်တယ်လို့ ကမ္ဘာ့ဘဏ် (World Bank) နဲ့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)တို့ရဲ့ ၂၀၂၅ ခုနှစ်အတွက် ခန့်မှန်းချက်တွေအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *