ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရွေးကောက်ပွဲဟာ ၂၀၀၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အဝါမီလိဂ်ပါတီ မဟုတ် တဲ့ အစိုးရသစ်တစ်ရပ် ပေါ်ထွက်လာဖို့ နီးစပ်နေချိန်မှာပဲ ကော့ဘဇားနဲ့ ဘာဆန်ချာကျွန်းပေါ်က ဒုက္ခသည်စခန်း တွေထဲမှာ ပိတ်မိနေတဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းနီးပါးကတော့ သူတို့ရဲ့ ကံကြမ္မာကို သံဆူးကြိုးတွေ၊ ဗြူရိုက ရေစီယန္တရားတွေကြားမှာ ပုံအပ်ထားရပြီး မကချင်ဘဲ ကနေရတဲ့ ဇာတ်လမ်းတစ်ပုဒ်လို စောင့်ဆိုင်းနေကြရပါ တယ်။
ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲကော်မရှင်ကတော့ ဒီစခန်းတွေဟာ လက်နက်နဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွေရဲ့ အဓိက နေရာတွေဖြစ်လို့ ပိတ်ထားရမယ်လို့ ဆိုနေပြီး ရိုဟင်ဂျာတွေကို ဒုက္ခသည်တွေထက် သံသယရှိသူတွေအ ဖြစ် ပုံဖော်နေပါတယ်။
ဒါပေမဲ့ တကယ်တမ်းမှာတော့ သူတို့ရဲ့ဘဝတွေဟာ ရာဇဝတ်မှုတွေထက် မရေရာမှုတွေနဲ့ အဆက်မပြတ် ဖိနှိပ်ခံရ မှုတွေကြားမှာပဲ လည်ပတ်နေတာပါ။ ၂၀၁၇ ခုနှစ်တုန်းက မြန်မာစစ်တပ်ရဲ့ သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှုနဲ့ ရွာတွေ ကို မီးရှို့မှုတွေကြောင့် ထွက်ပြေးလာခဲ့ရတဲ့ ရိုဟင်ဂျာတွေအတွက် မြန်မာပြည်ကို ပြန်ဖို့ဆိုတာ လုံးဝ မဘေးကင်း သေးဘူးလို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ထပ်ခါတလဲလဲ ပြောဆိုနေပါတယ်။
“ပြန်ဖို့ ဘေးကင်းတဲ့ အခြေအနေရောက်မှပဲ နေရပ်ပြန်ရေးကိစ္စကို စီစဉ်ဆောင်ရွက်သွားမယ်” လို့ ဘင်္ဂလားဒေ့ရှ် အ မျိုးသားရေးဝါဒီပါတီ (BNP) ရဲ့ အကြီးအကဲ တာရစ်ရာမန်ကတော့ ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။
လွန်ခဲ့တဲ့ ၉ နှစ်က မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ဖြိုခွင်းမှု ဒါမှမဟုတ် လူမျိုးတုံးသတ်ဖြတ်မှုတွေ စတင်ချိန်မှာ ရခိုင်ပြည် နယ်က ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ကြတာပါ။ အဒီထဲမှာ အသက် ၃၂ နှစ်အရွယ် မိုဟာမက် အာရာဖတ်တို့ မိသားစုလည်း ပါခဲ့ပါတယ်။ လက်ရှိမှာတော့ အာရာဖတ်ဟာ ကူတူပါလောင် ဒုက္ခသည်စခန်းမှာ ရှိနေ ပြီး ရွေးကောက်ပွဲကာလအတွင်း အပြင်မထွက်ဖို့ အမိန့်ထုတ်ခံထားရပါတယ်။
အာရာဖတ်က သူဖြတ်သန်းခဲ့ရပုံကို The Telegraph Online ကို အခုလို ပြောပြပါတယ်။
“စစ်တပ်က ဖြိုခွင်းမှုမလုပ်ခင် ၅ နှစ်အလို ၂၀၁၂ ခုနှစ်ကတည်းက ကျွန်တော် မြန်မာပြည်ကနေ ခြေလျင်ထွက် ပြေး ခဲ့တာပါ။ လူမှောင်ခိုသမားတွေရဲ့ အကူအညီနဲ့ ဘင်္ဂလားဒေ့ရှ်ကို အရင်ရောက်တယ်၊ အဲဒီကနေမှ အိန္ဒိယကို ထပ် သွားခဲ့တာ။ အိန္ဒိယမှာ ဘွဲ့ရခဲ့ပြီး NGO တစ်ခုမှာ စကားပြန်အဖြစ် အလုပ်ဝင်ခဲ့ပါတယ်။ မြန်မာပြည်မှာတုန်းက ၁၉၈၂ ခုနှစ်မှာ ကျွန်တော်တို့ရဲ့ နိုင်ငံသားအခွင့်အရေးတွေ အသိမ်းခံခဲ့ရသလို၊ အဲဒီနောက်ပိုင်းမှာ လူ့အခွင့်အရေး တွေပါ တဖြည်းဖြည်း ချိုးနှိမ်ခံခဲ့ရတာပါပဲ”
အာရာဖတ်ရဲ့ ဇာတ်ကြောင်းက မြန်မာပြည် ငရဲခန်းကနေ လွတ်အောင်ပြေးခဲ့တာပါ။ အိန္ဒိယရောက်တော့လည်း ဆိုရှယ်တက်ကြွလှုပ်ရှားသူအဖြစ်နဲ့ စကားပြန်လုပ်နေတုန်း အာသံမှာ အဖမ်းခံခဲ့ရတယ်လို့ သူက ဆိုပါတယ်။ ၂၀၂၀ ဒီဇင်ဘာမှာ ထောင်ကျပြီး ကရင်ဂန်ဂျ်ထောင်ကနေ ဆီလ်ချာ၊ အဲဒီကမှတစ်ဆင့် အိန္ဒိယမှာ အကြီးဆုံးဖြစ်တဲ့ (နောက်ပိုင်း ကြားစခန်းလို့ အမည်ပြောင်းသွားတဲ့) မာတီးယား ထိန်းသိမ်းရေးစင်တာကို ပို့ခံခဲ့ရတာပါ။
၂၀၂၄ ဇွန်လမှာတော့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က အာရာဖတ်ကို ဘာအခြေအနေမှမပါဘဲ ချက်ချင်း လွှတ်ပေးဖို့ ကုလသမဂ္ဂဆီ တိုင်ကြားပေးခဲ့ပါတယ်။
“ကျနော်က ထောင်ထဲမှာ တခြားအဖမ်းခံထားရတဲ့သူတွေရဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်ပေးခဲ့လို့ သူတို့က ကျနော့်ကို ‘ဆရာ’ လို့ ခေါ်ကြတယ်။ ထောင်ပိုင်တွေကို တောင်းဆိုပြီး တစ်ခါတလေ စာရေးခွင့်ရခဲ့သေးတယ်။ ဒါ ပေမဲ့ ပြီးခဲ့တဲ့နှစ်မှာတော့ သူတို့ ကျနော့်ကို လာခေါ်ပြီး မျက်လုံးကို အဝတ်နဲ့စည်း၊ ညဘက်ကြီး နယ်စပ်ကို ပို့လိုက် ကြတယ်ဗျာ” အာရာဖတ်က သူ့အတွေ့အကြုံကို ပြောပြပါတယ်။
၂၀၂၅ မေလမှာ ဘင်္ဂလားဒေ့ရှ်ဘက် ပြန်ပို့ခံရတာလို့ သူက ဆိုပေမဲ့ အဲဒီအကြောင်းပြောဖို့ကိုတော့ သူတွန့်ဆုတ် နေခဲ့ပါတယ်။
“အခုတော့ မိသားစုနဲ့ ဒီမှာပြန်ဆုံနေပါပြီ။ ဒါပေမဲ့ ကျနော် အများကြီးခံစားခဲ့ရလို့ အခုထိ စိတ်ပိုင်းဆိုင်ရာပြဿနာ တွေ ရှိနေတုန်းပဲ။ လူ့အခွင့်အရေးသမား တစ်ယောက်အနေနဲ့ တရားမျှတမှုအတွက် အမြဲတမ်း တိုက်ပွဲဝင်ခဲ့တာပါ” လို့ သူက ဆိုပါတယ်။
ကြောက်ရွံ့မှုနဲ့ မရေရာမှုတွေ
တကယ်တော့ တက္ကနာ့ဖ်ဒုက္ခသည်စခန်းမှာ နေသူတွေနဲ့ စကားပြောကြည့်ရင်လည်း ဒီလို စိတ်ပျက်အားငယ် နေတာမျိုးပဲ တွေ့ရမှာပါ။ သူတို့ဟာ ၂၀၁၇ လူမျိုးတုံးသတ်ဖြတ်မှုအပြီး ထွက်ပြေးလာသူတွေဖြစ်ပြီး အခု ၂၀၂၆ ဇန် နဝါရီက နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့က နိုင်ငံတကာတရားရုံး (ICJ) မှာ ကြားနာပွဲတွေ လုပ်နေတာမို့ သူတို့ အ မည်တွေကို လျှို့ဝှက်ထားကြပါတယ်။
ဇန်နဝါရီလထဲ စခန်းမှာ မီးလောင်လို့ နောက်တစ်ခါ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့အကြောင်း ဒုက္ခသည်တစ်ယောက်က ပြောပြပါတယ်။ ကမ္ဘာကြီးက လျစ်လျူရှုထားချိန်မှာ သူတို့ရဲ့ စိတ်ဒဏ်ရာတွေက ပိုပြီးတော့တောင် ထပ်ဆင့်နေ တာပါ။ ရွေးကောက်ပွဲကာလမှာ လုံခြုံရေးဆိုပြီး စခန်းတွေကို ပိတ်ဆို့ထားတာဟာ သူတို့ ဆယ်စုနှစ်နဲ့ချီ ရသင့်ရ ထိုက်တဲ့ တရားမျှတမှုကို အာရုံလွှဲလိုက်သလိုဖြစ်နေပြီး နိုင်ငံမဲ့ဖြစ်နေရတဲ့ ဒီလူတွေကို ပိုပြီးတော့တောင် အမည်း စက် ထင်စေပါတယ်လို့ သူတို့က ခံစားနေကြရပါတယ်။
“ကျနော်တို့ ရိုဟင်ဂျာတွေအတွက်တော့ ဘင်္ဂလားဒေ့ရှ်မှာ ကျင်းပမယ့် ဒီရွေးကောက်ပွဲဟာ ကြောက်ရွံ့မှုတွေ၊ မရေ ရာမှုတွေနဲ့အတူ ရောက်လာတာပါပဲ” လို့ ၂၀၁၇ ခုနှစ်ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ ဒုက္ခသည် တစ်ဦးက ပြောပြခဲ့ပါတယ်။
ရွေးကောက်ပွဲကာလတွေမှာ သွားလာလှုပ်ရှားခွင့်တွေက ပိုပြီး ကန့်သတ်ခံရတယ်။ လွတ်လပ်ခွင့်မရှိဘဲ လူဦးရေ အ ရမ်းထူထပ်တဲ့ စခန်းတွေထဲမှာ ပိတ်မိနေပြီးသား ရိုဟင်ဂျာတွေအတွက် ဒီလိုအချိန်တွေမှာ ပိုပြီး အကျဉ်းချခံထား ရသလိုမျိုး၊ အသံတွေ ပျောက်ဆုံးသွားသလိုမျိုး ခံစားရတယ်လို့ သူက ရင်ဖွင့်ပါတယ်။
“ဆေးရုံသွားဖို့၊ အကူအညီတွေ လက်ခံရရှိဖို့နဲ့ တခြား အခြေခံလိုအပ်ချက်တွေ ရဖို့အတွက်တောင် ကျနော်တို့ တော် တော်လေး စိုးရိမ်နေရပါတယ်။ နိုင်ငံရေးထက် ကျနော်တို့ ပိုပြီး ခံစားနေရတာကတော့ အမြဲတမ်း စိုးရိမ်ပူပန်နေ ရတာ၊ ကမ္ဘာကြီးကမေ့သွားမှာကို ကြောက်နေရတာနဲ့ မျှော်လင့်ချက်တွေအစား ကန့်သတ်ချက်တွေပဲ ပိုတိုးလာ မှာကို ကြောက်နေရတာပါပဲ”
ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံကို ပြန်ဖို့ဆိုတာ အန္တရာယ်ရှိတယ်၊ ဒါမှမဟုတ် မဖြစ်နိုင်ဘူးဆိုတာကို ကောင်း ကောင်းသိနေကြသလို တစ်ဖက်မှာလည်း ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေရဲ့ နိုင်ငံရေးအခင်းအကျင်းမှာ သူတို့ကို လက်ခံချင်တဲ့ဆန္ဒ မရှိကြပါဘူး။ နိုင်ငံမဲ့ဘဝနဲ့ ခွဲခြားဆက်ဆံခံရမှုတွေဟာ သူတို့နောက်ကို ကုန်းလမ်းရော ရေလမ်း မှာပါ မျိုးဆက်နဲ့ချီပြီး ထပ်ချပ်မကွာ လိုက်လံ ခြောက်လှန့်နေပါတယ်။
UNICEF ရဲ့ ဘင်္ဂလားဒေ့ရှ် အခြေပြအစီရင်ခံစာအရလည်း ဒုက္ခသည်စခန်းတွေရဲ့ လုံခြုံရေးဟာ အမြဲတမ်း စိုးရိမ်စ ရာကောင်းနေပြီး နိုင်ငံတကာက ပေးတဲ့ လူသားချင်းစာနာမှု အကူအညီတွေကလည်း တဖြည်းဖြည်း နည်းပါး လာနေပါတယ်။
ဒက္ခသည်စခန်းထဲမှာ နေထိုင်သူတစ်ဦးကတော့ “နောင်ဘာဖြစ်လာမလဲဆိုတာ မသိဘူး၊ အရင်ကလိုပဲ ဆက်ဖြစ် နေမလားဆိုတာလည်း မသိပါဘူး” လို့ ပြောလိုက်ပါတယ်။ ဒီစကားက သူတို့ရဲ့ ရှေ့ဆက်ရမယ့် အနာဂတ်ဟာ ဘယ် လောက်အထိ မရေမရာဖြစ်နေသလဲဆိုတာကို အထင်အရှား ဖော်ပြနေတာပါပဲ။
ရိုဟင်ဂျာ နဲ့ ဘင်္ဂလားဒေ့ရှ်
ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ရောက်လာတာနဲ့ သူတို့ကို နေရပ်ပြန်ပို့တာတွေဟာ အခုမှ အ သစ်ဖြစ်တဲ့ ကိစ္စမဟုတ်ပါဘူး။ ၁၉၇၈ ခုနှစ် ဇူလိုင်လတုန်းကလည်း ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ (အဲဒီအချိန်က ဗမာ) အ စိုးရတို့အကြားမှာ လျှို့ဝှက်နေရပ်ပြန်ပို့ရေး သဘောတူညီချက်တစ်ခု ရှိခဲ့ဖူးပြီး ဒါဟာ ၂၀၁၄ ခုနှစ်ကျမှ လူသိရှင် ကြား ဖြစ်လာခဲ့တာပါ။ ၁၉၉၁ ခုနှစ်လယ်ကနေ ၁၉၉၂ ခုနှစ်အတွင်းမှာလည်း ရိုဟင်ဂျာဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို တကျော့ပြန် ထွက်ပြေးခဲ့ကြရပြန်ပါတယ်။
၂၀၀၂ ခုနှစ် မတ်လမှာ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေရဲ့ ၁၀ နှစ်တာ အခြေအနေနဲ့ ပတ်သက်ပြီး အစီရင်ခံစာတစ်ခု ထုတ်ခဲ့ပါတယ်။ အဲဒီမှာ သူတို့ ဘာပြောခဲ့သလဲဆိုတော့ “ဒုက္ခသည်တွေကို ဝန်ထုပ်ဝန်ပိုးတစ်ခု ဒါမှမဟုတ် အမှုဟောင်းကျန်နေတဲ့ လူစုတစ်ခုလို့ မမြင်ဘဲ မျှော်လင့်ချက် တွေ၊ အသံတွေနဲ့ အခွင့်အရေးတွေ ရှိနေတဲ့ လူသားတွေအဖြစ် မြင်ပေးဖို့ လိုအပ်တယ်”ဆိုပြီး အလေးအနက် တိုက် တွန်းခဲ့တာပါ။
လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က ထုတ်ခဲ့တဲ့ အစီရင်ခံစာဟာ ဒီနေ့အထိ မှန်ကန်နေဆဲပါပဲ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးပါတီ BNP က အခြေအနေတွေ ဘေးကင်းမှပဲ နေရပ်ပြန်ပို့ရေးကို လုပ်ဆောင်မယ်လို့ ပြောထားပေမဲ့ လက်တွေ့မှာတော့ ဒုက္ခသည်စခန်းတွေရဲ့ အခြေအနေက တော်တော်လေးကို စိုးရိမ်စရာကောင်းပြီး လူနေထိုင်ဖို့တောင် မသင့်တော်တဲ့ အနေအထား ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အဲဒီအချိန်က ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ပြောသွားတာကလည်း မှတ်သားစရာပါ။ ဘင်္ဂလားဒေ့ရှ်အနေနဲ့ မြန်မာနိုင်ငံနဲ့ နှစ်နိုင်ငံချင်း ဆွေးနွေးမှုတွေ ရှိခဲ့ပေမဲ့ ရိုဟင်ဂျာတစ်ယောက်ကိုမှ နေရပ်ပြန်မပို့နိုင်သေးဘူးလို့ သူမက ဆိုပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာတွေ အချိန်အကြာကြီး ရှိနေတာဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်၊ လုံခြုံ ရေးနဲ့ နိုင်ငံရေး တည်ငြိမ်မှုတွေအပေါ်မှာ ဆိုးဆိုးရွားရွား သက်ရောက်မှုတွေ ရှိနေတယ်လို့ ပြောခဲ့ပါတယ်။ နေရပ် ပြန်ဖို့ မရေရာတာတွေကြောင့် စိတ်ပျက်အားငယ်မှုတွေ ဖြစ်လာပြီး လူကုန်ကူးမှုနဲ့ မူးယစ်ဆေးဝါး မှောင်ခိုမှုလိုမျိုး နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေပါ ပိုများလာတယ်လို့ သူမက ထောက်ပြခဲ့ပါတယ်။
ဒီလို ခွဲခြားဆက်ဆံမှုနဲ့ အပယ်ခံရတဲ့ ခံစားချက်တွေဟာ ရွေးကောက်ပွဲကာလမှာ ပိုပြီး ပြင်းထန်လာလေ့ရှိပါတယ်။ တက်က္ကနာ့ဖ်ဒုက္ခသည်စခန်းမှာ နေထိုင်သူတစ်ဦးကို အခြေအနေတွေ ဘာပြောင်းလဲသွားလဲလို့ မေးကြည့်တဲ့အခါမှာတော့ သူက ဒီလိုပဲ ဖြေခဲ့ပါတယ်။
“ဘာမှ မပြောင်းလဲပါဘူး၊ ကျနော်တို့ကတော့ ပိတ်မိနေတုန်းပါပဲ။ ဒါပေမဲ့ မြန်မာပြည်က အခြေအနေက ဘယ်သူမှ ပြန်ဖို့ မသင့်လောက်အောင် ပိုပြီး အန္တရာယ်များနေတယ်ဆိုတာ ရွေးကောက်ပွဲ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အား လုံးက သိနေကြတာပဲ မဟုတ်လား” ပါတဲ့။
ရေးသားသူ – သွေးသစ်နေ
Ref: The Telegraph Online
