စစ်တပ်အာဏာာသိမ်းပြီးနောက်ပိုင်း(၅) နှစ်တာကာလအတွင်း မြန်မာ ပြည်တွင်း ကုန်ဈေးနှုန်းတွေက မထင်ထားလောက်တဲ့ပမာဏတွေအထိ အဆမတန် မြင့်တက်လာခဲ့ပါတယ်။ ဒီလို မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေကို ပြည်သူတွေအနေနဲ့ မဖြစ်မနေ ကျားကန်လို့ အမှီ လိုက်နေကြရတဲ့ အခြေအနေကို အခုဆိုရင် ရောက်လာခဲ့ပြီပဲ ဖြစ်ပါတယ်။
ဒီလိုမျိုး ကုန်ဈေးနှုန်းတွေ အဆမတန်အောင် မြင့်တက်လာခြင်းဖြစ်စဉ်ဟာ အခြေခံလူတန်းစား မြန်မာပြည်သူပြည်သားတွေအတွက်တော့ မတတ်နိုင်တဲ့ အနေအထားတစ်ခုစီကို ရောက်ရှိနေရပြီး အိမ်မှာရှိတဲ့ မိသားစုဝင်တွေ အကုန်လုံး အလုပ်ထွက်လုပ်နေမှသာပဲ မိမိတို့ ဝမ်းရေးအတွက် စားလောက်သောက်လောက်အောင် ဖူလုံနိုင်တော့တဲ့ အခြေအနေ ဖြစ်နေတယ်လို့ အိမ်ရှင်မတစ်ဉီးက ဖွင့်ဟခဲ့ပါတယ်။
” ကုန်ဈေးနှုန်းက တနေ့တခြားမြင့်တက်လာလိုက်တာ လိုက်လိုတောင်မမီတော့ဘူး။ လစာတစ်ခုတည်းနဲ့တင်မလုံလောက်တော့ဘူး။ အရင်ကတစ်သောင်းရှိရင် ဈေးဖိုးနှစ်ရက်စာရတယ်။ အခုများကျတော့ တစ်သောင်းပါရင်တောင် အသားမရဘူး။ အရွက်တွေပဲဝယ်လိုရတယ်။ အရွက်ဈေးဆိုတာကလည်း အပြင်ကသွင်းရတာမဟုတ်ဘူး။ ဒီထဲမှာ စိုက်တာ။ အဲဒါတောင်ဈေးကြီးပေးဝယ်ရတယ်။ အိမ်ရှိလူကုန်အလုပ်ထွက်လုပ်မှ ဈေးဖိုးအတွက်ကာမိတယ်” လို အိမ်ရှင်မတစ်ဦးကပြောပါတယ်။
ကုန်ဈေးနှုန်းတွေကသာ အခြေခံလူတန်းစားလူထုတွေ လိုက်မမှီနိုင်တော့တဲ့အထိ မတရား မြင့်တက်လာပေမယ့် လုပ်ခလစာတွေကတော့ ကုန်ဈေးနှုန်းနဲ့ အပြိုင် မြင့်တက်လာခဲ့ခြင်း မရှိပါဘူး။ အလုပ်သမားအများစုဟာ ကုန်ဈေးနှုန်း မြင့်တက်လာတဲ့အတွက် သူတို့ လက်ရှိ ရရှိနေတဲ့ လုပ်ခလစာတွေနဲ့ လောက်ငှမှု မရှိတော့ဘူးလို့လည်း ဆိုလာပါတယ်။
ဒါ့အပြင် ကုန်ဈေးနှုန်းမြင့်တက်လာမှုကြောင့် လုပ်ခလစာ တိုးတောင်းမိတယ်ဆိုရင်လည်း အလုပ်ရှင်ရဲ့ ငြိုငြင်မှုကိုပါ ခံရပြီး အလုပ်ထုတ်နိုင်ချေတောင် များလာတယ်လို့ ကုမ္ပဏီ ဝန်ထမ်းတစ်ဉီးက ပြောပါတယ်။
” အမဆိုရင်လစာက လေးသိန်းပဲရတယ်။ အဆင်မပြေဘူး။ သူဌေးကိုတင်ပြတယ်။ ကုန်ဈေးနှုန်းတွေ ဒီလောက်တတ်နေတာ အဆင်မပြေဘူးပေါ့။ ပြီးတော့ ကလေးကျောင်းလခ ၊ ဆေးဖိုးဘာညာ ဆိုရင်အဲဒီလစာကမလောက်ဘူးလို တင်ပြပြီးပြောဖူးတယ်။ ဒါပေမယ့်အဆင်မပြေဘူး။ သူတိုတောင် အရှုံးပေါ်နေတယ်ဆိုတယ့်စကားပဲပြန်ပြောတယ်” လို အရောင်းဝန်ထမ်း ကလေးမိခင် အမျိုးသမီးက ဖွင့်ဟခဲ့ပါတယ်။
ရပ်ကွက်အလိုက်ဈေးတွေမှာဆိုရင် ငါးစင်ရိုင်း တစ်ဆယ်သား ၂၀၀၀ ကျပ်၊ ပုစွန်ဆိတ် တစ်ဆယ်သား ၂၀၀၀ ကျပ်၊ ငါးတန် တစ်ဆယ်သား ၂၀၀၀ ကျပ်၊ ငါးမြစ်ချင်းတစ်ဆယ်သား ၂၀၀၀ ကျပ်၊ ငါးကြင်းခုတ်သား တစ်ဆယ်သား ၃၅၀၀ ကျပ်၊ တီလာဗီးယား တစ်ဆယ်သား ၁၅၀၀ ကျပ်၊ ငါးပုတ်သင် တစ်ဆယ်သား ၁၅၀၀-၂၀၀၀ ကျပ်ဈေးတွေအထိ မြင့်တက်နေပါတယ်။
၄၅၀ ကျပ်တန် ကြက်ဉ တစ်လုံးဟာ ကြက်ဉအရွယ်အစားတွေထဲမှာဆိုရင် အသေးဆုံး အရွယ်ဖြစ်လာပြီး ကြက်ဉတစ်လုံး ၅၀၀ကျပ်၊ ၅၅၀ ကျပ်နဲ့ ဒီထက် မြင့်တဲ့ ဈေးတွေမှာ ကြက်ဉ ဈေးဟာ ရှိနေခဲ့ပါတယ်။
အရွယ်အစား အသေးဆုံး ဘဲဉ တစ်လုံးရဲ့ ဈေးနှုန်းဟာ ၅၅၀ ကျပ် ရှိနေပြီး အဲ့ဒီကမှ ဘဲဉတစ်လုံးကို ၆၀၀ ကျပ်၊ ၇၀၀ ကျပ် စသဖြင့် အရွယ်အစားပေါ် မူတည်ပြီး ဘဲဉဈေးဟာ တက်တက်သွားခဲ့ပါတယ်။
ပဲသီးအစည်းကြီးတစ်စည်း ၁၀၀၀ ကျပ်၊ ခရမ်းသီးအလုံးသေး ၅ လုံး ၁၀၀၀ ကျပ်၊ သခွားသီးအလုံးသေး ၅ လုံး ၁၀၀၀ ကျပ်ဈေးတိုဖြင့် ရောင်းနေကြသလို ဟင်းနုနွယ်ရွက်တစ်စည်း ၈၀၀ ကျပ်၊ ကိုက်လန်ရွက်တစ်စည်း ၁၃၀၀ ကျပ်၊ ဆလပ်ရွက်တစ်စည်း ၈၀၀ ကျပ်၊ ရှောက်ရွက်တစ်စည်း ၅၀၀ ကျပ်၊ မြင်းခွာရွက်တစ်စည်း ၅၀၀ ကျပ်၊
ချဉ်ပေါင်ရွက်တစ်စည်း ၃၀၀-၄၀၀ ကျပ်၊ ချဉ်ပေါင်ခါးတစ်စည်း ၇၀၀ ကျပ်၊ ကန်စွန်းရွက်တစ်စည်း ၇၀၀ ကျပ်အထိ ပြည်တွင်းမှာ စိုက်ပျိုးလို့ရတဲ့ ဟင်းသီးဟင်းရွက်ဈေးတွေဟာလည်း ကုန်ကြမ်းဈေး မြင့်တက်မှု၊ သယ်ယူပို့ဆောာင်ရေး အခက်အခဲတွေကြောင့် တစ်ဆထက် တစ်ဆ မြင့်တက် လာခဲ့ပါတယ်။
ဒါ့အပြင် အသားဈေးဆိုရင်လည်း ဝက်သားတစ်ပိသာ ၃၀၀၀၀ ကျပ်၊ ကြက်သားတစ်ပိသာ ၂၀၀၀၀ ကျပ်အထိ မြင့်တက်နေတာပဲ ဖြစ်ပါတယ်။
အဆိုပါ ဈေးနှုန်းတွေဟာ စစ်တပ်အာဏာမသိမ်းခင် အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် နှစ်ဆ မကကို မြင့်တက်လာတာပဲ ဖြစ်ပါတယ်။
ဒီလိုမျိုး ဝင်ငွေနဲ့ ထွက်ငွေ မမျှတတော့တဲ့အထိ တရိပ်ရိပ် မြင့်တက်လာတဲ့ကုန်ဈေးနှုန်းတွေကို အခြေခံလူတန်းစားတွေဟာ မိမိတို့ တစ်ဉီးချင်းစီရဲ့ ရှင်သန်ရေးအတွက်ရော၊ မိသားစုတစ်စုချင်းစီအနေနဲ့ပါ မဖြစ်မနေ ကြံ့ကြံ့ခံရင်ဆိုင်ဖြေရှင်းနေရတာဖြစ်ပါတယ်။
အချို အခြေခံလူတန်းစားတွေဟာဆိုရင် ဒီလို ဆိုးဝါးလှတဲ့ အခြေအနေတွေကို သည်းမခံနိုင်တော့ဘဲ မိမိကိုယ်ကိုယ် အဆုံးစီရင်တဲ့အထိ စိတ်မကောင်းဖွယ်ရာ ဖြစ်လာခဲ့ပြီး ဒီလို ဖြစ်စဉ်တွေဟာလည်း နေ့စဉ်နဲ့အမျှ ဒုနဲ့ဒေး ဖြစ်လာခဲ့ပါတယ်။
” တော်ရုံတန်ရုံဆိုရင် ဒီအခြေအနေတွေကို မကျော်လွှားနိုင်ကြဘူး။ တစ်နေ့တစ်နေ့ စိတ်ဖိစီးရတယ်။ ငွေရေးကြေးရေး မပြေလည်တဲ့အခါ အိမ်ကမိသားစုအတွက် စားဖိုသောက်ဖို အခက်အခဲဖြစ်တယ်။ တစ်ခါတလေကျတော့လည်း ဘဝကြီးကို အရှုံးပေးချင်တယ်။ ဘာအတွက်ကြောင့် ရှင်သန်နေလည်း မသိတဲ့ လောကကြီးကို စိတ်ကုန်မိတယ်” လို ငွေကြေးချို့တဲ့သူ အခြေခံလူတန်းစား အိမ်ထောင်ဦးစီးတစ်ဦးကပြောပါတယ်။
ပြည်တွင်း ရောင်းဝယ်ဖောက်ကားရေး ကဏ္ဍတွေမှာ ဆိုရင်လည်း ကုန်စည်ထွက်ရာဒေသတွေကနေ အဆင့်ဆင့် ဖြန်ဝေပေးရာမှာ သယ်ယူပို့ဆောင်ရေးစရိတ်တွေဟာ အဆမတန်မြင့်တက်လာတဲ့အတွက်ကြောင့် ပစ္စည်းတန်းဖိုးမြင့်တက်လာခဲ့ပါတယ်။ စိုက်ပျိုးတောင်သူတွေအနေနဲ့လည်း သွင်းအားစုဈေးတွေ မြင့်လာတာနဲ့အမျှ ဈေးတွေ တက်လာရခြင်း ဖြစ်တယ်လို့ ဆိုလာပါတယ်။
အာဏာသိမ်း စစ်ကောင်စီ အနေနဲ့ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေကို အာဏာသိမ်းပြီးချိန်ကနေစပြီး ယနေ့ လက်ရှိ အချိန်ထိ ထိန်းချုပ်နိုင်ခြင်း မရှိသေးတာ မျက်မြင်ပဲ ဖြစ်ပါတယ်။
ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက်ဆိုပြီးတော့ စစ်ကောင်စီဟာ ဆန်၊ ဆီ စတဲ့ အခြေခံ စားသောက်ကုန်တွေကို နေရာကွက်ကျား ဈေးနှုန်း သက်သာစွာနဲ့ ရောင်းချပေးဖို့ စီစဉ်ခဲ့ပေမယ့် ဒီလို တနပ်စား ဖြေရှင်းတာမျိုးဟာ လက်တွေ့ပြဿနာတွေကို ဖြေရှင်းရာ မရောက်နိုင်ဘူးလို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဉီးက ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ အဓိက ပြဿနာဖြစ်နေတဲ့ မြန်မာကျပ်ငွေတန်ဖိုး အောက်ဆုံးထိ ထိုးကျနေတဲ့ ပြဿနာကို မထိန်းချုပ်နိုင်တာနဲ့ ထပ်တူ အခြေခံလူတန်းစား ပြည်သူတွေ လိုက်မမီနိုင်တဲ့အထိ ကုန်ဈေးနှုန်းအဆ မတန် မြင့်တက်လာမှုဟာလည်း ကျွဲကူးရေပါဆိုသလို ဆက်စပ်နေပြီး ရှေ့ဆက်ပြီးလည်း တက်မြဲ တက်နေဆဲ အခြေအနေတစ်ရပ်ကို ပြည်သူတွေအနေနဲ့ ခါးစည်း ရင်ဆိုင်ရဉီးမယ့် အနေအထားပဲ ဖြစ်ပါတယ်။