ရေးသားသူ – မောင်မိုးလေး
ယနေ့ စက်တင်ဘာ ၁၃ ရက်နေ့သည် ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် ဒုတိယအကြိမ် သပိတ်ဖြိုခွဲခံရမှု သုံးနှစ်ပြည့်ဖြစ်သကဲ့သို့ ကျွန်တော်ဖမ်းဆီးခံခဲ့ရသည်မှာလည်းထိုနေ့မှာပင်ဖြစ်၏။ လွန်ခဲ့သောသုံးနှစ် သည်အချိန်တွင် ကျွန်တော့်ဘဝ၏အချိုးအကွေ့ကြီးတခုဖြစ်ခဲ့ပြီး နှစ်နှစ်ကျော်ကြာ အတိတ်ဆိုးတခုအဖြစ်ဖြတ်သန်းခဲ့ရသည်။ ထိုကာလမှတ်ဉာဏ်များသည် ယနေ့တိုင် ကျွန်တော့်အား ခြောက်လန့်နေဆဲ။
ထိုနေ့ကို ကျွန်တော်အဘယ်ကဲ့သို့ မေ့နိုင်ပါမည်နည်း။ ကျွန်တော်နှင့်အတူ ထိုနေ့ကဖမ်းဆီးခံခဲ့ရသော သပိတ်လူငယ်များနှင့် သူငယ်ချင်းသတင်းထောက်များလည်း ဤနည်းနှင်နှင်ရှိပါလိမ့်မည်။
ပြန်မိတ်ဆက်ရပါလျှင် ကျွန်တော်သည်ရုပ်သံသတင်းထောက်တဦးဖြစ်ပါသည်။ ပြည်တွင်းရုပ်သံဌာန တခုတွင် အာဏာမသိမ်းခင်အထိ နှစ်နှင့်ချီ လုပ်ကိုင်ခဲ့ပါသည်။ အာဏာသိမ်းပြီးနောက် ထိုဌာန၏ အာဏာသိမ်းမှုနှင့်ပတ်သတ်သည့်မူဝါဒကိုမနှစ်သက်၍ အလုပ်ထွက်ခဲ့သည်။ အလွတ်တန်း သတင်းထောက်တဦးအဖြစ် ရန်ကုန်မြို့တွင်နေကာ သတင်းများကို သတင်းဌာနများထံ ရိုက်ကူးပေးပို့သည်။
ထိုကြောင့် ထိုနေ့ကလည်း ပုံမှန်နေ့များနည်းတူ အိပ်ယာနိုးသည်နှင့် ဖုန်းကိုဦးစွာစစ်သည်။ Octopus သပိတ်အဖွဲ့က ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် ညနေခင်း၌ဆန္ဒပြမည်ဖြစ်၍ သတင်းလာ ယူပေးရန် ဖိတ်ထားသည်။
သည်လမ်းက နာမည်ကြီးလမ်း။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက သည်လမ်းတွင်ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲကို စစ်တပ်က ရက်ရက်စက် ကားကိုအရှိန်တင်ကာ ပစ်တိုက်ဖြိုခွင်းခဲ့သည်။ အထိအခိုက်၊အဖမ်းအဆီး များစွာရှိခဲ့၍ ပန်းပင်နီဟုပင် တော်လှန်ရေးအင်အားစုများက အမည်ပြောင်းလဲသမုတ်ကြသည်။
ထိုအချိန်မှစ သပိတ်လူငယ်များသည် ထိုလမ်းကို ပြောက်ကျားသပိတ်ပွဲလုပ်ရန် လက်ရှောင်ကြ၏။ ကာလအတော်ကြာမှပင် ထိုလမ်းတွင် ပြန်လုပ်ဖြစ်ကြသည်။ ပြန်လုပ်သောသပိတ်တပွဲကို သတင်း သွားယူဖူး၍ သည်တကြိမ်လည်း သပိတ်အောင်မြင်ဟု စိတ်ကပေ့ါပေ့ါပင်တွေးမိခဲ့သည်။
သို့သော် ဗကသများအဖွဲ့ချုပ်မှအသိလူငယ်တဦးက ‘ ဒီရက်ပိုင်းဆန္ဒပြပွဲတခုကိုစောင့်ဖမ်းမယ်၊ သတင်းသမား တွေကိုလည်း ပစ်မှတ်ထားတယ်’ ဟု သူသိထားသောသတင်းကို သတိပေးထားသည်။ ထိုကာလက ရန်ကုန်တွင်ပြုလုပ်သည့် ဆန္ဒပြပွဲများကို ပုံမှန်သတင်းယူလေ့ရှိသည့် သတင်းထောက်က များများ စားစားမရှိပါ။ မြန်မာနောင်းန်သတင်းထောက် ကိုစိုင်းဇော်(လက်ရှိအင်းစိန်ထောင်တွင်းရှိနေဆဲ)ကို သတင်းအတူသွားယူရန်အဖော်စပ်တော့ သူက တခြားသတင်းတခုရှိနေ၍ ထိုနေ့မလိုက်ဖြစ်ဟုဆို၏။ ထို့ကြောင့် ကျွန်တော်တို့မသွားပါက ထိုဆန္ဒပြပွဲအကြောင်း မီဒီယာများတွင်ပါလာရန် အခွင့်အရေး နည်းနိုင်သည်ဖြစ်၍ သွားမည်ဟုဆုံးဖြတ်ခဲ့သည်။
ပြောက်ကျားဆန္ဒပြပွဲများသည် ပြည်သူများအား အာဏာရှင်စစ်တပ်အား ဆန့်ကျင်ရန်၊ အာဏာသိမ်း ထားမှုကို သွေးအေးမသွားကြရန် လှုံ့ဆော်သည့်ပွဲများဖြစ်သည်။ အင်မတန်အန္တရာယ်များသည်။ ရန်သူ့မျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်ရသည့်အလုပ်ဖြစ်၍ သူတို့ဆန္ဒပြသတင်း ဘာမှတ်တမ်းမှမကျန်ပါက ကြိုးစားထားသမျှ အချည်းနှီးဖြစ်ရမည်။
ကျွန်တော်သွားမည်ဟု စိတ်ဆုံးဖြတ်ချက်ချလိုက်သည်။လိုက်ပို့နေကျ ကားသများကိုဆက်သွယ် သည်။ ကျွန်တော်တို့လိုသတင်းထောက်များကို လိုက်ပို့ရဲသည့်ကားသမား အလွန်ရှားနေချိန်ဖြစ်၏။ အခန့်မသင့်က သူတို့ပါအမှုပတ်ရမည်မဟုတ်လား။ ကျွန်တော်တို့လူကတော့ တက်ကြွသည် တော်လှန်ရေးစိတ်လည်းအပြည့်ရှိသည်။ သူ့အလုပ်ကိုလည်း ကျွမ်းကျင်၏။ သို့သော် ကြိုမပြောထား မိ၍ သူက အော်ဒါတခုလက်ခံပြီးဖြစ်နေသည်။ မတတ်နိုင်။ ကြုံရာကားတစီးသာ ငှားသွားရန်ရှိတော့ သည်။
ထိုနေ့က ကျွန်တော့်ချစ်သူက သူ့ညီမနှင့် ဟောပေ့ါသွားစားရန်ခေါ်သည်။ ဆန္ဒပြပွဲသတင်းသွားယူချိန် နှင့်တိုက်နေသဖြင့် မလာနိုင်ကြောင်း အကျိုးအကြောင်းရှင်းပြရသည်။ ဆန္ဒပြပွဲပြီးသည်နှင့် တန်းလာခဲ့ မည်ဟု ကတိပေးလိုက်သည်။ အဖမ်းအဆီးသတင်းကို သူလည်းသိထား၍ စိတ်ပူနေသည်။
ကျွန်တော်နှင့်အတူနေ သူငယ်ချင်းသတင်းထောက်များကို ဆန္ဒပြပွဲရှိကြောင်း၊ သတင်းသွားယူကြရန် ခေါ်သည်။ သူငယ်ချင်းတဦးကအပြင်သွားနေသည် (သူ ယခုအင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရဆဲ)။ ပြည့်ဖြိုးနှင့် စံကြီးတို့နှစ်ဦးသာရှိသည်။ အာကာက နယ်ဘက် အလုပ်ကိစ္စနှင့်ခရီးထွက်သွားသည်။
ထိုနေ့က ဆန္ဒပြပွဲသည် UN တွင်ဦးကျော်မိုးထွန်းနေရာဆက်လက်ရရှိရေးအတွက်ပြသည့်ပွဲဖြစ်၏။ ညနေ ၄ နာရီ ၄၅ မိနစ်တွင်စမည်။ သွားနေကျကားက မရ။ တွေ့ရာ တက္ကစီတစီးသာ ပန်းပင်နီလမ်းသို့ ငှားသွားရတော့သည်။
ရောက်ပါပြီ။ ကားပေါ်ကမဆင်းသေးဘဲ အခြေအနေအကဲခတ်သည်။ YBS ဘတ်စ်ကားများရပ်ထား သည့်နေရာအနီး လူတချို့ခြင်းခတ်နေသည်။ အားလုံးပုံမှန်အနေအထားဟုခန့်မှန်းရသည်။ CCTV များလိုက်ရှာပြီး လွတ်မလွတ်ကြည့်သည်။ အနီးရှိဆီဆိုင်နံဘေး စားပွဲခုံတလုံးချ၍ ၄၀ ကျော်ခန့် အမျိုး သားတချို့ စုထိုင်နေသည်။ ဆိုက်ကားဂိတ်တွင်လည်းပုံမှန်။ ၄ နာရီကျော်သာရှိသေး၍ လက်ဖက်ရည် ဆိုင်တဆိုင်အတွင်းဝင်ထိုုင်စောင့်ကြသည်။ ဆိုင်အတွင်းတွင် ကားပွဲစားဟုထင်ရသည့်လူတချို့ ရှိသည်။
သူတို့ပြောနေကြသည့်စကားများကိုထောက်ချင့်၍ ခန့်မှန်းခြင်းသာဖြစ်သည်။
ပွဲပြီးလျှင် ပြေးရမည့်ထွက်ပေါက်လမ်းကို google map ကြည့်ပြီးကျွန်တော် တွက်ဆနေခဲ့သည်။ ပုံမှန်ဆိုလျှင် ကျွန်တော်တို့ကားသမားက ပွဲနေရာနှင့်ခပ်လှမ်းလှမ်းက စောင့်နေမည်၊ ကျွန်တော်တို့က ပြေးတက်လိုက်ရုံ။ သည်နေ့ကတော့ ပွဲပြီးလျှင် ဆန္ဒပြပွဲနှင့်ဝေးရာကိုသာ ဝေးနိုင်သမျှလျှောက်ပြီး ကားငှားရမည်။
ပြေးရမည့်နေရာကို အတူပါသည့် ပြည့်ဖြိုးနှင့်စံကြီးကိုပြသည်။ ၄ နာရီ ၄၀ မိနစ်ခန့်တွင် ဆန္ဒပြပွဲလုပ် မည့်နေရာကို ကျွန်တော်တို့ လမ်းလျှောက်သွားကြသည်။ ကျွန်တော်တို့ရှေ့တွင် မိန်းကလေးနှစ်ဦး လမ်းလျောက်နေသည်။ ဆန္ဒပြပွဲတွင်ပါဝင်မည့်သူများဟု အတွေ့အကြုံအရ မှန်းမိပါသည်။
ဆန္ဒပြပါပြီ။ ကျွန်တော်တို့ရှေ့က မိန်းကလေးနှစ်ဦးသည် ရုတ်ချည်း ဘန်နာတခုကို ဖြန့်ချလိုက်ပြီး လမ်းတဖက်ခြမ်းက လူငယ်တချို့ ဝုန်းခနဲရောက်လာ ပူးပေါင်းသည်။ ကျွန်တော်တို့လည်း ဖုန်းဖြင့် ဗီဒီယိုစရိုက်သည်။
ထိုအချိန်တွင် ကျွန်တော်တို့ဖြတ်လာစဉ်က ဆီဆိုင်ဘေးထိုင်နေသော အမျိုးသားများထဲမှ တဦးသည် သေနတ်ရှည်ကိုင်ကာထွက်လာပြီး ‘မလှုပ်နဲ့နော် လှုပ်တာနဲ့ပစ်မှာ’ဟု အော်ကာ ဆန္ဒပြလူငယ်များထံ ပြေးသွားသည်။
ရုတ်တရက်ဖြစ်၍ ကျွန်တော်တို့လည်း ကြောင်အမ်းနေသည်။ ဆန္ဒပြပွဲထဲပါဝင်သည့် သရုပ်ပြမှု လေလားဟု ပထမထင်မိသေးသည်။ သေနတ်ကိုင်ထားသူမှာ တီရှပ်ပေါ်တွင် ကျည်ကာဝတ်ထားပြီး ဘောင်းဘီတို၊ Air Jordan ဖိနပ်ကိုစီးထားသည့် ပုံပန်းကျသူတဦးဖြစ်သည်။ သေနတ်ပေါ်တွင်လည်း စတေကာများကပ်ထားသေး။
လမ်းတဖက်ကကူးလာပြီးပူးပေါင်းသည့် လူငယ်ယောကျာ်းလေးများကို ဖမ်းချုပ်နေပြီး ဘန်ကာကိုင် ထားသည့်မိန်းကလေးမှာလည်း ဟန်ချက်ပျက်လဲသွားမှ တကယ်ဖမ်းနေမှန်း အသိဝင်ပါသည်။ ကျွန်တော်တို့သုံးဦးလည်း ခပ်တည်တည်နှင့် ဖုန်းကိုဘောင်းဘီိအိတ်ထဲပြန်ထည့်ကာ လာရာလမ်းအတိုင်း လှည့်ပြန်လိုက်ပါသည်။(ကျွန်တော်တို့ မှားသွားခဲ့သည်)
အစက ကျွန်တော်တို့ကိုသတိမထားမိကြ။ ကျွန်တော်တို့ ပုံမှန်အတိုင်းလမ်းလျှာက်လာကြသည်။ တလမ်းလုံးဝရုန်းသုန်းကားဖြစ်နေသည်။ ကားတစီးကို နောက်ကားတစီးက ရုပ်ရှင်ဆန်ဆန် အရှေ့က ပိတ်ရပ်လိုက်ပြီး တဦးက ကားဘောနပ်ဖုံးပေါ်ခုန်တက်ကာ သေနတ်အတိုနှင့် ချိန်လိုက်သည်။ နောက် တဦးက သေနတ်အရှည်ဖြင့် ဘေးကချိန်ထားသည်။ ထိုကားပေါ်က ဆံပင်အရှည်နှင့်လူတဦးဆင်းပြေး သည်။ အရပ်ဝတ်နှင့်သေနတ်ကိုင်ထားသူက ပြေးရင်ပစ်မှာနော်ဟုအော်ကာ ပစ်သည်။ သေနတ်သံကို အနီးကပ်ကြားလိုက်ရပြီးနောက် စောနပြေးသွားသော ဆံပင်အရှည်နှင့်လူ လဲကျသွားသည်။
ကားပေါ်မှကျန်လူများကို ဆွဲချကာ လမ်းပေါ်မှောက်ခိုင်းပြီး လက်နောက်ပြန် လက်ထိပ်ခတ်လိုက်ကြသည်။ သေနတ်သံကြောင့် လူအများလန့်ကာ ပြေးသူပြေးကြသည်။ ကျွန်တော်တို့ပုံမပျက် ဆက်လျှောက်နေသေးသည်။ သို့သော်မကြာလိုက်ပါ။
ကမ်းနားလမ်းကိုမြင်ရပြီ၊ လွတ်တော့မည်ဟု အထင်ရှိခိုက်မှာပင် ကျွန်တော်တို့ရှေ့ရပ်ထားသော ခရောင်းအဖြူရောင်ကားပေါ်က ရှပ်အကျီအဖြူ၊ ပုဆိုးဝတ်ထားသူ ဝဖိုင့်ဖိုင့်အသက်ကြီးပိုင်းအမျိုး သားတဦးက ကျွန်တော်တို့ကို သေနတ်နဲ့ချိန်လိုက်ပြီး ‘ ဟေ့ကောင်တွေ ကားထဲဝင်’ ဟုပြောသည်။
ကနဦး ကျွန်တော်သည် သည်လူကိုသေနတ်ပုတ်ချကာထွက်ပြေးလိုက်ရကောင်းမလား တွေးမိနေ သေးသည်။ အသက်လည်း ကြီးနေပြီ။ အဖြစ်အပျက်မှာရုတ်တရက်ကြီးဖြစ်နေ၍ ဆုံးဖြတ်ချက်ချရန် အလွန်ခက်သည်။ ရှေ့မှာလည်း ထွက်ပြေးသူကို သေနတ်နှင့်ပစ်ဖမ်းထားတာတွေ့ထားတော့ ချီတုံချတုံဖြစ်နေသည်။
သုံးဦးသား တယောက်မျက်နှာတယောက်ကြည့်မိကြသည်။ “ကျွန်တော်တို့ကဘာလုပ်လို့လည်း၊ဘေသွားဝယ်တာရှေ့မှာပစ်သံကြားလို့ပြန်လှည့်လာတာ”ဟုထိုလူအားဖိန့်ကြည်သည်။ သို့သော် “ဆိုင်ဆိုင်မဆိုင်ဆိုင်ကားပေါ်တက်”ဟုသေနတ်နှင့်ချိန်ပြီးပြန်ပြောသည်။
ကျွန်တော့်ဘဝတွင်သေနတ်အစစ်ဖြင့်ပထမဆုံးအချိန်ခံရဖူးခြင်းဖြစ်သည်။ သို့သော် ကြောက်စိတ်ရှိ မနေသည့်ကိုယ့်ကိုကိုယ် အံဩမိပါသည်။
ပြည့်ဖြိုးကကျွန်တော်တို့ဘာမှမဟုတ်တာမလုပ်ထားတာတက်မယ်ဗျာ”ဟုဆိုကာကားထဲအရင်ဝင်လိုက်သည်။ထို့နောက်စံကြီးဝင်သည်။နောက်ဆုံးမှကျွန်တော်ဝင်လိုက်သည်။ ကားမောင်း သည့်နေရာကတဦး အနောက်ကိုလှည့်ကာ ‘လှုပ်မယ်မကြံနဲ့နော်’ ဟု သေနတ်ထုတ်ပြကာ ခြောက်၏။
စောန ကျွန်တော်တို့ပြေးမိလျှင်လည်း လွတ်အံ့မထင်။ ခပ်ဝဝလူကြီးက ကားရှေ့ခန်းဝင်ထိုင်ပြီး ဝေါ်ကီ တော်ကီနှင့် ‘ဒီမှာ သုံးယောက်မိထားတယ်’ ဟု တယောက်ကိုလှမ်းသတင်းပို့သည်။ ကျွန်တော်တို့ကို လက်ထိပ်ခတ်မထား၊ မျက်နှာကိုလည်းအဝတ်မစည်းထား၍ အဖြစ်အပျက်များကို အထင်းသား မြင်နေရသည်။
လူငယ်များ အဖမ်းခံနေရသည်။ တလမ်းလုံးတွင် သူတို့(စစ်တပ်)အရပ်ဝတ်လူများရှိခြင်းဖြစ်သည်။ လက်ဖက်ရည်ဆိုင်၊ ဆိုက်ကားဂိတ်၊ တက္ကစီဂိတ်၊ တိုက်အောက်တွင်ထိုင်နေကြသည့် သက်လတ်ပိုင်း အမျိုးသားများ။ အားလုံး။
ကျွန်တော်သည် ခပ်မြန်မြန်ပင် ရိုက်ကူးထားသည့်ဓါတ်ပုံ၊ ဗီဒီယိုများကိုဖျက်သည်။ သို့သော် recent delete ထိဖျက်ချိန်မရလိုက်။
မကြာခင်မှာပဲ TEကားတစ်စီးလမ်းထဲဝင်လာသည်။ကျွန်တော်တို့ကိုဖမ်းထားသည့်ကားရှေ့တွင်လာရပ်သည်။သေနတ်ကိုင်ထားသောရဲများ ကားပေါ်အပြည့်ပါလာသည်။ လက်နက်ဆို ၍ အပ်တိုတချောင်းပင်မပါသည့်လူငယ်များကိုဖမ်းရန် အင်ပြည့်အားပြည့်လက်နက်အစုံအလင်နှင့် ဟန်ရေးပြနေကြသည်။ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များနှင့်တိုက်ခိုက်လျှင်တော့ ခွေးပြေးဝက်ပြေး ပြေးရသည်ချည်း။
ကျွန်တော်တို့ကို အလုံသစ်တောဝင်းအတွင်းသို့ ခေါ်သွားသည်။ ကားပေါ်က ဆင်းဆင်းချင်း ဒူးထောက် ထိုင်ခိုင်းပြီး လက်နောက်ပြန်ကြိုးတုပ်ကာ မျက်နှာကိုအဝတ်စည်းသည်။ ဖုန်းများသိမ်းသည်။ အဝတ် မစည်းခင်မြင်လိုက်ရသည်မှာ သစ်တောဝင်းအတွင်း ကျွန်တော်တို့နှင့်အတူ ဖမ်းဆီးခံလိုက်ရသူ ၄၀ ခန့်ရှိလောက်မည်။
ကျွန်တော်တိုကို ဆန္ဒပြပွဲလုပ်မည့်ဘန်ဒါများ၊ ပိုစတာများကိုင်ခိုင်းပြီး မျက်လုံးစည်းများခဏဖြုတ်ကာ ဓါတ်ပုံရိုက်ကြသည်။ သေနတ်ပစ်ခံရ၍လဲကျသွားသူကို တွေ့လိုက်ရသည်။ သေနတ်ကျည်ထိမထိ တော့မသိ၊ ရိုက်နှက်တော့ခံထားရသည်။ (ပစ်ခံရသည့်အချိန်က ထွက်ပြေးရင်းချော်လဲသဖြင့် သေနတ်မမှန်ခဲ့ဟု နောက်ပိုင်းပြန်သိရသည်)
ဓာတ်ပုံရိုက်ချိန်တွင် သူ့ကို ကျွန်တော်နှင့်စံကြီးကထိန်းထားပေးရသည်။အရိုက်ခံထားရတာ လူရုပ်မပေါ်တော့။ကျွန်တော့်တို့ဖမ်းမိသူများ၏ နှစ်ဆမက သူတို့အင်အားသုံးထားသည်ကိုတွေ့ရ၏။
ဓါတ်ပုံရိုက်ပြီးနောက် မျက်လုံးအဝတ်ပြန်စည်းသည်။ ကျွန်တော်တို့ဖုန်းများကိုစစ်သည်။ ဖုန်းကို lock ဖွင့်ခိုင်းပြီး messenger, viber, telegram တို့ကိုစစ်သည်။ ကျွန်တော့်ဖုန်းက ရိုက်ကူးရေးသုံးဖုန်း ဖြစ်၍ ဘာ application မှရှိမနေ။ ဘာအချက်အလက်မှလည်းမရှိ။
“မင်းဖုန်းထဲမှာဘာမှလည်းမရှိဘူး။ဖျက်ထားတာလား”ဟုမေးသည်။ကျွန်တော်ကလည်း “ဖုန်းအသစ်မထည့်ထားရသေးတာ”ဟုပြန်ဖြေသည်။သို့သော်ဖုန်းစစ်သူသည်ဖုန်းအကြောင်းနားလည်သည်ဟုဆိုရမည်။recent delete ကိုဝင်ကြည့်သည်။ lock ခံထား၍ ကျွန်တော့်ပင် မမေးဘဲ eye scan တန်းဖတ်လိုက်သည်။
ကားပေါ်မှာတုန်းကဖျက်ခဲ့သည့် ဓါတ်ပုံများကိုတွေ့သွားသည်။
“မင်းကဘာဘေထုတ်သွားဝယ်မှာလဲ၊ဒီမှာဆန္ဒပြတဲ့ဓာတ်ပုံတွေ” ဟုဆိုကာကျွန်တော့်မျက်နှာကိုသုံးလေးချက်ဆင့်ရိုက်ပြီးဆန္ဒပြသူများနှင့်အတူရောထားလိုက်တော့သည်။စံကြီးကိုမူမင်းလည်းပါတယ်”ငါတို့မင်းတို့လက်ဖက်ရည်ဆိုင်ထိုင်နေတာမတွေ့ဘူးထင်နေလား” ဆိုကာကျွန်တော့်အနားထားလိုက်သည်။
ပြည့်ဖြိုးက ကျွန်တော်တို့အနားတွင်မရှိ။ သူ့ဖုန်းကိုစစ်ရာ မည်သည့်အချက်အလက်မှမတွေ့သဖြင့် သူ့ကို ပြန်လွှတ်ပေးမည့်အုပ်စုထဲ ထားထားသည်။ ဆန္ဒပြလူငယ်များကို သူတို့အဖွဲ့အစည်းအလိုက် ခွဲထုတ်လိုက်သောအခါ ကျွန်တော်နှင့် စံကြီး နှစ်ဦးသာ ထင်းထင်းကြီးကျန်ရစ်ခဲ့သည်။ ထိုအခါ ‘မင်းတို့လက်ဖက်ရည်ဆိုင်မှာထိုင်နေတာ၃ယောက် ငါတို့သေချာတွေ့တယ်။ဘယ်မလဲတစ်ယောက်ဟုဆိုကာ ကျွန်တော်တို့ကိုရိုက်သည်။
နောက်ဆုံးပြည့်ဖြိုးကိုသတိထားမိသွားပြီး “ဒီကောင်ပဲ အဲ့ဒီကောင်တွေနဲ့တစ်ဖွဲ့တည်းလက်ဖက်ရည်ဆိုင်ထိုင်နေတာ” ဟုဆိုကာပြည့်ဖြိုးကိုပါကျွန်တော်တို့နားပို့လိုက်တော့သည်။
အဖမ်းခံရသူများကိုအုပ်စုများခွဲကာအချုပ်ကားပေါ်တင်ကြသည်။ကျွန်တော်တို့မျက်လုံးများကိုအဝတ်စည်းထားသေးသည်။ကားပေါ်တတ်သည့်အခါအတွဲလိုက်လက်ထိပ်များပြောင်းခတ်လိုက်တာကြောင့်သက်သောင့်သက်သာနည်းနည်းဖြစ်သွားရသည်။အတွဲလိုက်လက်ထိပ်သည် တဖက်စီသာခတ်ခံထားရသည်ဖြစ်၍မျက်လုံးစည်းကိုအပေါ်လှန်ပြီးဘေးဘီဝဲရာအားကြည့်မိသည်။
အသက်မပြည့်သေးသည့် မိန်းကလေး၊ယောကျာ်လေးငယ်များကိုတွေ့ရသည်။ အတူအချုပ်အနှောင် ခံထားရသည့်အခြေအနေမှာပင် သူတို့ကို ကျွန်တော်လေးစားမိပါသည်။
အချုပ်ကားအပြင်ကို ကြည့်တော့ ကားက အောက်မင်္ဂလာဒုံ၊ အင်းစိန်လမ်းမကြီးပေါ်တွင် သွားနေ သည်။ ခဏအကြာ ကျွန်တော်နေခဲ့ဖူးသည့် ကျွန်တော့်အိမ်လမ်းထိပ်မှတ်တိုင်ကိုမြင်နေရသည်။ စိတ်ထဲတွင် ‘အဖေရေ အဖေ့သားတော့ ယုံကြည်ရာလုပ်ရင်း အဖမ်းခံလိုက်ရပြီ၊ ခု ဘယ်ခေါ်သွားပြီး ဘာဆက်ဖြစ်မလဲ မသိသေးဘူးဗျာ’ ဟု အဖေ့အားတ မိပါသည်။ ထို့နောက်တော့ စစ်ကြောရေးတွင် နှစ်ပတ်ကြာ လူ့ငရဲကိုကြုံရပါတော့သည်။