ပုံပုံချစ် (ခေါ်)ထင်လင်းသော်ဟာ ရန်ကုန်မြို၊ လှိင်မြိုနယ်၊ အမှတ် ၆ရပ်ကွက်ရှိ အ.ထ.က (၄) အမျိုးသားကျောင်းမှာ ပညာသင်ကြားနေတဲ့ Grade 8ကျောင်းသားတစ်ဦးပါ။
သူ့အသက်ဟာ ၁၈နှစ်ရှိနေပြီ ဖြစ်ပေမယ့် ဉာဏ်ရည်ချိုတဲ့နေတာကြောင့် Grade 8မှာ ပညာ သင်ကြားနေရဆဲ ဖြစ်ပါတယ်။
၂၀၂၄ခုနှစ်၊ စက်တင်ဘာလ မှာတော့ စိတိပိုင်းဆိုင်ရာ ဝေဒနာကြောင့် ကျောင်းကနေ အနားယူလိုက်ရပြီး ရပ်ကွက်ထဲမှာသာ ဆော့ကစားပြီး နေထိုင်နေရပါတော့တယ်။
ပုံပုံချစ် (ခ) ထင်လင်းသော်ရဲ့ ပျောက်ဆုံးမှု
၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၂၈ရက်နေ့ နေ့လည်ပိုင်းက လှိင်မြိုနယ် ၆ရပ်ကွက်ရှိ ချစ်တီးမီးနင်းကွင်းအတွင်းမှာ ပုံပုံချစ်(ခေါ်)ထင်လင်းသော်ဟာ ဆော့ကစားနေစဥ် သူဆော့ကစားရာနေရာကို အမည်မသိ လူစိမ်းတစ်ဦးရောက်ရှိလာပြီး ရိုက်နှက်ကာ ခေါ်ဆောင်သွားခဲ့ပါတယ်။
” ကောင်လေးကို ရိုက်နှက်နေတဲ့အချိန်မှာ အနီးက စက်ဘီးပြင်ဆိုင်ထဲမှာ လူ ၁၂ယောက်လောက်ရှိတယ်၊ တစ်ယောက်တစ်လေမှ ဝင်ရောက် ပြောဆို တားမြစ်တာ မရှိကြဘူး၊ သူတိုရှေ့မှာတင် ကောင်လေးကို ခေါ်သွားတာ၊ ကောင်လေးကို ရွာမကျောင်းလမ်းမှာရှိတဲ့ ဓမ္မာရုံကို ခေါ်ဆောင်သွားတယ်လို နောက်ဆုံးသိရပြီး အဲ့နောက်ပိုင်း ပျောက်သွားတာပါပဲ”လို မိသားစုနဲ့ နီးစပ်သူ တစ်ဦးက AAMIJကို ပြောပါတယ်။
ပုံပုံချစ် (ခ) ထင်လင်းသော် ဘယ်ကို ရောက်သွားလဲ
ပုံပုံချစ်ရဲ့ ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး မိဘတွေအနေနဲ့ လှိင်မြိုနယ်ရဲစခန်းကို တိုင်ချက်ဖွင့်ခဲ့ပေမယ့် ရဲစခန်းအနေနဲ့ ဘာမှ လုပ်ဆောင်ပေးခဲ့ခြင်း မရှိခဲ့ပါဘူး။
လှိင်မြိုနယ်ရဲစခန်းအနေနဲ့အရေးယူမှု မရှိခဲ့တာကြောင့် အဆိုပါအမှုကို မရမ်းကုန်းခရိုင်ရဲစခန်းက တာဝန်ယူခဲ့ရပြီး မိဘတွေကို တစ်ကြိမ်သာ ခေါ်ယူစစ်ဆေးမှု ပြုလုပ်ခဲ့ကာ အခုအချိန်အထိ ထပ်မံဆက်သွယ်တာ မရှိဘူးလို သိရပါတယ်။
မိသားစုဝင်တွေအနေနဲ့ ရဲစခန်းကိုအားကိုးလို မရတာကြောင့် ကိုယ့်နီးကိုယ့်ဟန်နဲ့ စုံစမ်းခဲ့ရမှာတော့ ပုံပုံချစ်ရဲ့ သတင်းကို ရရှိခဲ့ပါတော့တယ်။
ပုံပုံချစ် (ခေါ်) ထင်လင်းသော်ကို ဖမ်းဆီးသွားတဲ့သူဟာ ပျူစောထီးတစ်ဦးသာဖြစ်ပြီး စစ်မှုထမ်းအတွက် ငွေကျပ် ၃၅သိန်းနဲ့ ရောင်းစားခဲ့တာဖြစ်တယ်လို မိသားစုက သိလိုက်ရပါတယ်။
“ဘယ်သူက ဖမ်းဆီးပြီး ဘယ်လိုရောင်းစားခဲ့တယ်ဆိုတာကတော့ စုံစမ်းလိုသိရပါပြီ။ ဒါပေမယ့် ကလေးက ခုထိ ဘယ်ကိုရောက်နေမှန်းမသိရသေးဘူး”လို မိသားစုနဲ့ နီးစပ်သူတစ်ဦးက AAMIJ ကို ပြောပြပါတယ်။
စစ်တပ်ရဲ့ စစ်မှုထမ်းမှုထမ်းဥပဒေမှာပါရှိတဲ့ စစ်မှုထမ်ကင်းလွတ်ခွင့်ရသူ
စစ်တပ်ကထုတ်ပြန်ထားတဲ့ စစ်မှုထမ်းဥပဒေရဲ့ စစ်မှုထမ်းကင်းလွတ်ခွင်ရတဲ့သူများဆိုင်ရာဥပဒေပုဒ်မ ၂၂ရဲ့ အပိုဒ်(၂) ကမှာ ရေးသားထားတာကတော့
“ဉာဏ်အရည်အသွေးမမီခြင်းနှင့် အကျင့်စာရိတ္တပျက်ပြားခြင်းတိုကြောင့် စစ်မှုထမ်းရန် မသင့်လျော်သူများ” ဆိုပြီး ရေးသားဖော်ပြထားပါတယ်။
အဆိုပါစစ်ကောင်စီရဲ့ စစ်မှုထမ်းကင်းလွတ်ခွင့်ဥပဒေအရ ဉာဏ်ရည်ချိုတဲ့နေတဲ့ ၁၈နှစ်အရွယ် ၈တန်းကျောင်းသား ပုံပုံချစ် (ခေါ်)ထင်လင်းသော်ဟာ စစ်မှုထမ်းဥပဒေမှ ကင်းလွတ်ခွင့်ရသူဖြစ်ပေမဲ့ လက်ရှိမှာတော့ စစ်မှုထမ်းအတွက် ရောင်းစားခံခဲ့ရပြီး မိသားစုနဲ့အဆက်သွယ်ပျက်ကာ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
အဆက်သွယ်မရတဲ့ စစ်ကောင်စီရဲ့ ဖုန်းနံပါတ်များ
AAMIJမှ စစ်ကောင်စီရဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ(ရန်ကုန်တိုင်းဒေသကြီး) ဖုန်းနံပါတ် ၀၁- ၈၃၀၀၀၁၆၊ ၀၁- ၈၃၀၀၀၁၇ တွေကို ဖုန်းခေါ်ဆို ဆက်သွယ်ရာမှာ လက်ခံဖြေကြားခြင်းမရှိသလို မိုလ်ဘိုင်းဖုန်းမှ စာတို (sms)ပေးပိုနိုင်တယ်ဆိုတဲ့ ၀၉- ၂၅၅၀၀၂၅၁၄ကို စာတို(sms)ပေးဖိုခဲ့ပေမယ့်လည်း ပြန်လည် ဖြေကြားခြင်းမရှိခဲ့ပါဘူး။
ဒါ့အပြင် စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းနဲ့ဆက်သွယ်ရာမှာလည်း လက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။
သားပြန်အလာကို မျှော်နေတဲ့ မိဘဆွေမျိုးများ
ပုံပုံချစ် (ခေါ်)ထင်လင်းသော်ဟာ ငယ်ငယ်ထဲက ကျန်းမာရေး ချူချာသူလည်းဖြစ်၊ဉာဏ်ဏ်ရည်ချိုတဲ့နေသူလည်းဖြစ်တာကြောင့် မိဘဖြစ်သူတွေက အချစ်ပိုခဲ့ရပြီး ကျောင်းစာမှာလည်း အင်္ဂလိပ်စာလုံးတွေကိုတော့ ကောင်းကောင်းနားလည်ပြီး မြန်မာစာကိုသာ သင်ယူရ ခက်ခဲပေမယ့် သားအပေါ်မျှော်လင့်ချက်များစွာ ရှိနေပါတယ်။
၁၈နှစ်အရွယ် ၈တန်းကျောင်းသား ပုံပုံချစ် (ခေါ်)ထင်လင်းသော်နဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးပြောတာကတော့ “ကလေးကိုပြန်ရရင်အဆင်ပြေပါတယ်၊ ဘယ်ကိုရောက်နေမှန်းမသိ၊ မိဘတွေအနေနဲ့ တွေ့ချင်၊ မြင်ချင်တာပေါ့ဗျာ၊ ၅လကျော်ပြီဗျာ အခုအချိန်ထိကလေးကို သတိရတာပေါ့ဗျာ” လို AAMIJ ကိုပြောပါတယ်။
မိဘဆွေမျိုးတွေက သူတိုသား ရောင်းစားခံလိုက်ရတယ်ဆိုတာကို မယုံနိုင်သေးဘဲ လူပျောက်ကြော်ငြာကို ဖေ့စ်ဘွတ် လူမှုကွန်ယက်စာမျက်နှာမှာ ဝေငှနေတာဟာဆိုရင် ပုံပုံချစ်ပျောက်ဆုံးသွားတဲ့ နေ့ကစပြီး ၅လကျော်အကြာ ယနေ့ အချိန်အထိ တစ်ရက်မှ မပျက်မကွက်နဲ့ လူပျောက်ကြေငြာနေတာကို တွေ့ရပါတယ်။
စစ်ကောင်စီက နိုင်ငံတကာ လူ့အခွင့်ရေးစံချိန်စံနှုန်းများကိုချိုးဖောက်ခြင်း
စစ်ကောင်စီဟာ အဲ့ဒိလို ဉာဏ်ဏ်ရည်ချိုတဲ့သူကို စစ်မှုထမ်းစေတာဟာ အနည်းဆုံး နိုင်ငံတကာ လူ့အခွင့်ရေး စံချိန်၊ စံနှုန်း ၃ချက်လောက်ကို ချိုးဖောက်နေတာဖြစ်ပါတယ်။
စစ်တပ်ချိုးဖောက်နေတဲ့ နိုင်ငံတကာ လူ့အခွင့်ရေးစံချိန်၊ စံနှုန်းတွေကတော့ UN Convention on the Rights of Persons with Disabilities (CRPD) က Article 5 မှာပါရှိတဲ့ (Equality and non-discrimination) ဆိုတဲ့ ဥပဒေကိုချိုးဖောက်ခြင်း၊ International Labour Organization (ILO) ရဲ့ No. 29က ဖိအားပေးအလုပ်စေခိုင်းမှု Forced Labour Convention ကိုချိုးဖောက်ခြင်း၊ International Covenant on Civil and Political Rights (ICCPR) ရဲ့ Article 7 က လူ့ဂုဏ်သိက္ခာနဲ့ မကိုက်ညီမှု (Cruel, inhuman or degrading treatment) ကိုချိုးဖောက်ခြင်း တိုကိုလုပ်ဆောင်နေတာဖြစ်ပါတယ်။
အချက်အလက်တွေအရ သုံးသပ်ခြင်း
အထပ်ပါအချက်အလက်တွေအရ စစ်တပ်အုပ်ချုပ်ရာ နယ်မြေတွေမှာ လူကုန်ကူးတဲ့ ဒုစရိုက်လုပ်ငန်းတွေထဲမှာ စစ်တပ်လက်ပါးစေတွေပါဝင်နေတာကိုတွေ့ရသလို စစ်ကောင်စီက ၄င်းတိုထုတ်ပြန်ထားတဲ့ ဥပဒေတွေကို ၄င်းတို ကိုယ်တိုင် ချိုးဖောက်နေတာကိုလည်း မြင်တွေ့ရပါတယ်။