အချိန်ကား ၂၀၂၃ ခုနှစ်၏ ညတစ်ည။ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှ လူငယ်တစ်ဦးသည် ပင်ပန်းနွမ်းနယ်စွာဖြင့် အလုပ်မှအပြန် အိမ်ရှင်ဖြစ်သူနှင့် ထမင်းစားပြီး ပြန်လာနေချိန်ဖြစ်သည်။ သို့သော် ထိုညသည် သူ၏ လွတ်လပ်သော ဘဝကို အဆုံးသတ်စေခဲ့သည့် ညတစ်ညဖြစ်လာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
“ဘာလုပ်မှာလဲ” ဟူသော သူ၏ အမေးကို “လျှာမရှည်နဲ့၊ မနက်ဖြန်မှ ပြန်လွှတ်မယ်” ဟူသည့် ရိုင်းစိုင်းသော တုံ့ပြန်မှုနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်များက သူ့ကို ကားပေါ်သို့ အတင်းအဓမ္မ ဆွဲတင်သွားခဲ့သည်။ ထိုနေ့မှစ၍ မာဆာလာဖျော်ခြင်း၊ ပန်းရံလုပ်ခြင်းတို့ဖြင့် မိဘနှင့် ညီအစ်ကိုမောင်နှမများကို ရှာဖွေကျွေးမွေးနေသည့် အဆိုပါလူငယ်၏ဘဝသည် သွေးစွန်းနေသော ရှေ့တန်းစစ်မျက်နှာဆီသို့ အလိုအလျောက် ရောက်ရှိသွားခဲ့တော့သည်။
လိမ်လည်မှုနှင့် အသေခံစစ်မျက်နှာ
စစ်တပ်ထဲရောက်ချိန်တွင် သူ့ကို စစ်သားဝတ်စုံထုတ်ပေးပြီး သေနတ်မောင်းတင်၊ ဖြုတ်၊ တပ်ရုံမျှသာ သင်ပေးခဲ့သည်။
အစောင့်ဂိတ်များတွင်သာ တာဝန်ကျမည်ဟု အထက်အရာရှိများက လိမ်လည်ပြောဆိုခဲ့သော်လည်း လက်တွေ့တွင်မူ ၂၀၂၄ ခုနှစ်အရောက်တွင် သူ့ကို တိုက်ပွဲများ အပြင်းထန်ဆုံးဖြစ်ပွားနေသည့် ကရင်နီ (ကယား) ပြည်နယ်နှင့် ရှမ်းတောင် ရှေ့တန်းစစ်မျက်နှာများသို့ ပို့ဆောင်လိုက်သည်။
လုံလောက်သော စစ်ပညာသင်ကြားထားခြင်းမရှိသည့် သူအပါအဝင် စစ်သားသစ်များစွာသည် ရှေ့တန်းတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ ဒရုန်းဖြင့် တိုက်ခိုက်မှုများကို အလူးအလဲ ခံကြရသည်။ တော်လှန်ရေးတပ်ဖွဲ့ဝင်များကို မျက်မြင်မတွေ့ရဘဲ စခန်းတက်သိမ်းခံရသည့် အကြိမ်ပေါင်း ၆ ကြိမ်ခန့် ကြုံတွေ့ခဲ့ရပြီးနောက် သူ နားလည်လိုက်သည့် အမှန်တရားတစ်ခုရှိသည်။ ယင်းမှာ ယခု လက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ရေးအတွေ့အကြုံ လုံးဝမရှိတော့ဆိုသည့် အချက်ပင်ဖြစ်သည်။
မြေပြင်အချက်အလက်များက သက်သေခံနေသည့် စနစ်တကျ မီးရှို့ဖျက်ဆီးမှုများ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ဘက်သို့ စစ်ကြောင်းထိုးစဉ်က PDF များ ရှိသည်ဆိုသော အကြောင်းပြချက်ဖြင့် ရွာတစ်ရွာသို့ ဝင်ရောက်ခဲ့သော်လည်း မည်သူ့ကိုမျှ မတွေ့ရပေ။
ထိုအခါ အထက်အရာရှိများက ပြည်သူများ၏ နေအိမ်များကို မီးရှို့ရန် အမိန့်ပေးခဲ့သည်။ အဆိုပါအမိန့်ကို မလိုက်နာဘဲ လှည့်ပြန်ခဲ့သည့်အတွက် သူသည် ကိုယ်ထိလက်ရောက် ရိုက်နှက်ခံခဲ့ရပြီး ထိုအချိန်မှစ၍ သူတို့ခိုင်းသမျှကို မဖြစ်မနေ လုပ်ဆောင်ခဲ့ရသည်။
သူ၏ ဤမျက်မြင်ကိုယ်တွေ့ ကြုံတွေ့ရမှုသည် တစ်သီးပုဂ္ဂလ ဖြစ်ရပ်တစ်ခု မဟုတ်ဘဲ စစ်ကောင်စီ၏ စနစ်တကျ ဖျက်ဆီးမှု လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း မြေပြင်စုံစမ်းထောက်လှမ်းမှု အချက်အလက်များက ခိုင်မာစွာ သက်သေပြနေသည်။ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ၏ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကုန်မှ မေလလယ်အထိ နေအိမ်နှင့် ဘာသာရေးအဆောက်အအုံပေါင်း ၆၅၁ ခုခန့် မီးလောင်ပျက်စီးခဲ့သည်။
စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO/PNA) ပူးပေါင်းအဖွဲ့တို့၏ ကျူးလွန်မှု မှတ်တမ်းများအရ
ဆီဆိုင်မြို့ပေါ်ရပ်ကွက် (၆) ခုစလုံးတွင် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့၏ ၉၀ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့သည်။ Myanmar Peace Monitor ၏ ဖော်ပြချက်အရ နေအိမ် ၅၀၀ နီးပါးနှင့် ဇဝနာရာမကျောင်းတိုက်တို့ မီးလောင်ခဲ့သည်။
နောင်ကျောနှင့် ကောင်ဝိန်းရွာတွင် မေလအတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် ၁၈ လုံးခန့် မီးလောင်ခဲ့သည်။
ထီဗွား (ရေဖြူ) ရွာကို မေလ ၁၆ ရက်မှ ၁၈ ရက်အတွင်း စစ်ကောင်စီနှင့် PNA ပူးပေါင်းစစ်ကြောင်းက နေအိမ် ၂၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။
နားခိုက်ရွာကို ဧပြီလတွင် နေအိမ် ၈ လုံးနှင့် ဇူလိုင်လတွင် ၆ လုံးခန့်ကို PNA အဖွဲ့က မီးရှို့ခဲ့သည်။
မီရဲ့နှင့် ထီရီးပွဉ်ရင်းရွာတွင် ဩဂုတ်လအတွင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၄ အိမ် မီးလောင်ပျက်စီးခဲ့သည်။
ဤကိန်းဂဏန်းများသည် အဆိုပါလူငယ် အတင်းအကျပ် ခိုင်းစေခံခဲ့ရသည့် အမိန့်များ၏ နောက်ကွယ်မှ ကြီးမားသော စစ်ရာဇဝတ်မှုများကို မီးမောင်းထိုးပြနေသည်။
ဖုံးကွယ်ထားသော လူသတ်မှု၊ “လင်းနို့” နှင့် ပြိုကျနေသော တပ်တွင်းယန္တရား
စစ်မြေပြင်၏ အနိဋ္ဌာရုံများအပြင် သူ့ကို အထိတ်တလန့် အဖြစ်ရဆုံးမှာ တပ်တွင်း အချင်းချင်း သတ်ဖြတ်မှုများပင် ဖြစ်သည်။ တပ်တွင်း အထက်အောက် အုပ်ချုပ်မှု ယန္တရား လုံးဝ ပျက်စီးနေခြင်းကို စုံစမ်းဖော်ထုတ်နိုင်သည့် အဓိက သက်သေခံချက်တစ်ခုကို သူ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည်။
၂၀၂၄ ခုနှစ်အတွင်း ဆီဆိုင်စစ်မျက်နှာ၌ စစ်ကြောင်းမှူးနှင့် တပ်ရင်းမှူးတို့ အချင်းချင်း စကားများရန်ဖြစ်ရာမှ အထက်အရာရှိဖြစ်သူက တပ်ရင်းမှူးက စစ်ကြောင်းမှူးကို ပစ်သတ်လိုက်သည့် ဖြစ်စဉ်ဖြစ်သည်။
မြေပြင်စုံစမ်းသိရှိရမှုများအရ သေဆုံးသွားသူမှာ ခြေမြန်တပ်ရင်း ခမရ (၄၂၄) မှ စစ်ကြောင်းမှု ထက်နိုင်လင်း ဖြစ်သည်။ သူ့ကို ပစ်သတ်ခဲ့သူမှာ အမှတ် (၂) စစ်ဗျူဟာအဖွဲ့ (အခြေချ – ဆီဆိုင်) ၏ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးတစ်ဦးဖြစ်ပြီး တပ်တွင်း ဆက်သွယ်ရေးတွင် “လင်းနို့” ဟူသော Call Sign ဖြင့် လူသိများသည်။
ဗိုလ်မှူးကြီး လင်းနို့သည် လေကြောင်းညွှန်ကြားမှု၊ ညဘက်စစ်ဆင်ရေးများကို ကျွမ်းကျင်သူဖြစ်ပြီး ဆီဆိုင်မြို့အတွင်း လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကို အဓိက ညွှန်ကြားခဲ့သူအဖြစ် ဒေသတွင်း သတင်းရင်းမြစ်များက သတ်မှတ်ထားသည်။
အဆိုပါလူငယ်၏ မျက်မြင်တွေ့ရှိချက်အရ စစ်ကြောင်းမှုး ထက်နိုင်လင်းသည် အချင်းချင်း စကားများရာမှ အသတ်ခံခဲ့ရခြင်းဖြစ်သော်လည်း၊ အထက်သို့ အစီရင်ခံရာတွင်မူ “စစ်ပွဲတွင် ကျဆုံးသွားသည်” ဟု လိမ်လည်တင်ပြကာ ဖုံးကွယ်ခဲ့ကြသည်။
စစ်ကြောင်းမှုး ထက်နိုင်လင်းသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄-၂၅ ရက်ဝန်းကျင် PNLA က ဆီဆိုင်မြို့ရှိ တပ်ရင်းဌာနချုပ်များကို ဝင်ရောက်စီးနင်းတိုက်ခိုက်ချိန်တွင် ကျဆုံးခဲ့သည်ဟုသာ စစ်တပ်အစီရင်ခံစာတွင်ရှိနေလိပ်မည်ဖြစ်ပြီး စစ်ကောင်စီ၏ တပ်တွင်း ပြိုကွဲမှုနှင့် သတင်းအမှောင်ချ ဖုံးကွယ်မှု မည်မျှကြီးမားကြောင်း သက်သေပြနေသည်။
ဤကဲ့သို့သော ရက်စက်မှုများသည် အရာရှိအချင်းချင်းကြားတွင်သာမက အောက်ခြေရဲဘော်များအပေါ်တွင်ပါ သက်ရောက်နေသည်။ အသက်ရှင်သန်ရေးအတွက် ရှေ့တန်းမှ နောက်ဆုတ်လာသည့် ရဲဘော်များကို အထက်အရာရှိများက သစ္စာဖောက်အဖြစ် သတ်မှတ်ကာ ပစ်သတ်လေ့ရှိသည်။
“ရှေ့တန်းမှာ နောက်ပြန်ဆုတ်ရင်တောင်မှ ရဲဘော်တွေကို တစ်ခါတည်း ပစ်သတ်လိုက်တာ။ ၂၀၂၄ မှာ တွေ့တာ ၄-၅ ယောက်တော့ ပစ်သတ်တာ တွေ့တယ်။ ကိုယ်မတွေ့ဘဲ လုပ်တာတွေလည်း အများကြီးပါဗျာ။”
အဆိုပါလူငယ်ဟာ တပ်ထဲမှထွက်ပြေးဖို့အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပေမဲ့ ၎င်းရဲ့သူငယ်ချင်းများကတော့လွတ်မြောက်သွားခဲ့ပေမဲ့ ၎င်းကိုယ်တိုင်ကတော့အကြောက်တရားဖြင် ယခုအချိန်အထိ စစ်တပ်ထဲတွင်တည်ရှိနေလေတော့သည်။
ရက်စွဲများ ပျောက်ဆုံးနေသော ဘဝ
ယခုအခါ ကရင်နီပြည် စစ်မျက်နှာတွင် ရောက်ရှိနေသည့် ထိုလူငယ်အတွက် နေ့ရက်များ၊ လများသည် အဓိပ္ပာယ်မဲ့နေပြီဖြစ်သည်။ သူ ဖမ်းဆီးခံရသည့် အချိန်မှစ၍ ယနေ့သည် မည်သည့်နေ့ရက်ဖြစ်သည်ကိုပင် သူ မသိတော့ပေ။ တိုက်ပွဲများ၊ သွေးထွက်သံယိုမှုများနှင့် အထက်အရာရှိများ၏ ဖိနှိပ်မှုများကြားတွင် သူ၏ စိတ်ပိုင်းဆိုင်ရာသည် လုံးဝ ပြိုလဲနေပြီဖြစ်သည်။
စစ်သားသစ်အချို့နှင့်သာ ခင်မင်ခွင့်ရပြီး အသိမိတ်ဆွေ တစ်ဦးတစ်ယောက်မျှ မရှိသည့် ထိုပတ်ဝန်းကျင်တွင် သူ၏ တစ်ခုတည်းသော ဆန္ဒမှာ အိမ်ပြန်ချင်သည့် ဆန္ဒပင်ဖြစ်သည်။ ညီငယ်၊ နှမငယ်များကို ကျွေးမွေးစောင့်ရှောက်လိုသည့် ရိုးသားသော လူငယ်တစ်ဦးသည် ယခုအခါ စစ်ပွဲ၏ သားကောင်အဖြစ် အချိန်မရွေး သေဆုံးသွားနိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
“အတွေးထဲမှာ ဘယ်အချိန် သေမလဲဆိုတာပဲ တွေးနေတာပါ။ ကျန်တာကတော့ စိတ်ဆင်းရဲမှုတွေချည်းပါပဲ။ ကိုယ်လည်း မိဘတွေနဲ့ ပြန်ဆုံချင်သေးတယ်ဗျာ။”
သူ၏ ဤနောက်ဆုံးစကားဝါကျသည် မြန်မာနိုင်ငံအနှံ့အပြားတွင် အတင်းအဓမ္မ စစ်သားစုဆောင်းခံထားရပြီး စစ်ပွဲအတွင်း အဓိပ္ပာယ်မဲ့စွာ အသက်ပေးနေရသည့် လူငယ်ထောင်ပေါင်းများစွာ၏ ရင်တွင်းစကားပင် ဖြစ်ပေလိမ့်မည်။ သူတို့သည် စစ်တိုက်လို၍ စစ်မြေပြင်သို့ ရောက်လာကြသူများ မဟုတ်ဘဲ၊ အာဏာရှင်၏ စစ်ပွဲစက်ယန္တရားအတွင်းသို့ အဓမ္မ ထိုးသွင်းခံထားရသူများသာ ဖြစ်ကြောင်း ဤဖြစ်ရပ်က သက်သေခံလျက်ရှိသည်။
ဤဖြစ်စဉ်တွင် အထူးသတိပြုရမည့် အချက်မှာ အဆိုပါလူငယ် ဖမ်းဆီးခံခဲ့ရသည့် အချိန်ကာလပင်ဖြစ်သည်။ စစ်ကောင်စီသည် ၎င်းတို့၏ ‘ပြည်သူ့စစ်မှုထမ်းဥပဒေ’ ကို တရားဝင် မပြဋ္ဌာန်းမီ ၂၀၂၃ ခုနှစ်ကတည်းကပင် ဤကဲ့သို့ အပြစ်မဲ့ပြည်သူများကို ဥပဒေမဲ့ ပေါ်တာဆွဲခြင်းနှင့် အတင်းအဓမ္မ ဖမ်းဆီးကာ သေမင်းတမန် ရှေ့တန်းစစ်မျက်နှာများသို့ ပို့ဆောင်ခြင်းများကို စနစ်တကျ ကျူးလွန်နေခဲ့သည်ဆိုသည့် အချက်ကို ဤလူငယ်၏ အဖြစ်အပျက်က ခိုင်ခိုင်လုံလုံ သက်သေပြလျက်ရှိပေသည်။
ရေးသားသူ- မောင်မိုးလေး
ပုံစာ – ၂၀၂၄ခုနှစ်က စစ်တပ်က ဆီဆိုင်မြို့က လူနေအိမ်များကိုမီးရှို့ခဲ့ပြီးနောက် မီးလောင်နေသည့်
မြင်ကွင်း
