ပြည်တွင်းရွှေဈေးကွက်မတည်မငြိမ်ဖြစ်အောင် ရွှေတုံးရွှေခဲတွေကို သိုလှောင်ဖြန့်ဖြူးရောင်းချနေတယ် ဆိုကာ ရွှေအသင်း ဥက္ကဌ ဦးမျိုးမြင့်အပါအဝင် (၃) ဦးကို စစ်တပ်က ဖမ်းဆီးအရေးယူထားတယ်လို့ ထုတ် ပြန်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်သူများအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့် (သိန်းသန်းစိန် ရွှေရတနာဆိုင်)၊ ဒုတိယ ဥက္ကဋ္ဌ (၁) ဦးမျိုးသူဝင်း (အကယ်ဒမီရွှေဆိုင်) နဲ့ အတွင်းရေးမှူး ဦးနေမျိုးထက် (ရွှေစင်အကယ်ဒမီရွှေဆိုင်) တို့ဖြစ်ပါတယ်။
ရွှေဈေးနှုန်းတည်ငြိမ်စေရေး ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်ဖို့တာဝန်ရှိသူတွေဖြစ်လျှက်နဲ့ သူတို့ကိုယ် တိုင်က ရွှေဈေးကွက်မတည်မငြိမ်ဖြစ်စေဖို့ရည်ရွယ်ပြီး ပြင်ပရွှေပေါက်ဈေးနှုန်းနဲ့ ရွှေတုံးရွှေခဲတွေကို ဝယ်ယူ/သိုလှောင်တာ၊ အရောင်းအဝယ်လုပ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
ဦးမျိုးမြင့် အနေနဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အလေးချိန်စုစုပေါင်း ၇၀ ကျပ်သားရှိ အခေါက်ရွှေတုံး ၈ တုံးကို ပြင်ပပေါက်ဈေးနဲ့ဝယ်ယူခဲ့ပြီး အမြတ်တင်ပြန်ရောင်းချဖို့ သိုလှောင်ထားရှိခဲ့တယ်လို့ ဆိုထားပါ တယ်။
ဦးမျိုးသူဝင်း ဟာလည်း သူ့ရွှေဆိုင်တွေမှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အခေါက်ရွှေ ၉၇၀ ကျပ်သားကို ပြင်ပပေါက်ဈေးနှုန်းနဲ့ဝယ်ပြီး ရွှေ ၉၅၀ ကျပ်သားကို အမြတ်တင်ကာ ဈေးနှုန်းမြှင့်ပြန်ရောင်းချခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ ဦးနေမျိုးထက် ကလည်း သူ့ရွှေဆိုင်တွေမှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ လအတွင်း အခေါက်ရွှေ ၃၁၉ ကျပ်သားကို ပြင်ပပေါက်ဈေးနှုန်းနဲ့ ဝယ်ယူပြီး ရွှေ ၂၆၈ ကျပ်သားကို အမြတ်တင်ကာ ဈေးနှုန်းမြှင့်ပြန်ရောင်းခဲ့တယ်လို့ ဆိုထားပါတယ်။
ရွှေဈေးကွက်မတည်မငြိမ်ဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ ရွှေတုံးရွှေခဲတွေကို ဝယ်ယူ/သိုလှောင်ခြင်း၊ ဈေးနှုန်း မြှင့်တင်ပြန်လည်ရောင်းချခဲ့ခြင်းတွေဟာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာ နကထုတ်ပြန်ထားတဲ့ အမိန့်ကြော်ငြာစာပါတားမြစ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်ရာရောက်တဲ့ အတွက် သူတို့ ၃ ဦးကို တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် ရွှေလုပ်ငန်းရှင်တွေအနေနဲ့ ထုတ်ပြန်ထားတဲ့အမိန့်တွေ၊ ညွှန်ကြားချက်တွေကို တိကျစွာလိုက် နာဆောင်ရွက်ကြဖို့နဲ့ လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့ ရွှေလုပ်ငန်းရှင်တွေကို ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမယ်လို့လည်း စစ်တပ်ကအသိပေးထုတ်ပြန်ထားပါတယ်။