ကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပြောင်းကျေးရွာအနီးက အရပ်သားယာဉ်တန်းကို စစ်တပ်ဂျက်ဖိုက်တာနှစ်စီး က ဒီနေ့နေ့လယ်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ရှစ်ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တာကြောင့် အရပ်သားသေဆုံးမှု (၂၅ )ဦးအထိ ရှိခဲ့တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်က AAMIJ ကို ပြောပါတယ်။
AAMIJ ရဲ့ သတင်းအရင်းအမြစ်ပြောပြတာကတော့
“ ကားမီးလောင် ခုနစ်စီး၊ ကားပျက် ခုနစ်စီး၊ အမျိုးသား ၂၃ ဦး နဲ့ အမျိုးသမီး ၂ ဦး သေဆုံးတယ်” လို့ ပြောပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေကို သင်္ဂြိုလ်ပေးတာတွေ လုပ်ထားပြီး ထိခိုက်ဒဏ်ရာရသူတွေကို ဆေးကုသပေးနေတယ်လို့ သူကဆက်ပြောပါတယ်။
တစ်ခြားသတင်းအရင်းအမြစ်ကတော့ ဒီလေကြောင်းတိုက်ခိုက်မှုကို အခုလို မှတ်ချက်ပေးပါတယ်။
“ ဒါ အရပ်သားတွေ မှန်း သိတယ် အရပ်သားပစ်မှတ်လည်း သိတယ်။ ဒါကို သက်သက်မဲ့ လူအစုအလိုက် အပြုံလိုက် သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်တာ ဖြစ်တယ်”
စစ်တပ်ထောက်ခံတယ်လီဂရမ်ချန်နယ်တွေကတော့ မင်းဘူးမြို့နယ်ကို လေကြောင်းတိိုက်ခိုက်တယ်ဆိုတာကို အတည်ပြုဖော်ပြထားပါတယ်။
