တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်မီးများ တောက်လောင်နေပြီး ပြည်သူလူထု သန်းနဲ့ချီ စစ်ဘေးရှောင်နေရချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ၎င်းကိုယ်တိုင် အဓိပတိအဖြစ် ချုပ်ကိုင်ထားတဲ့ ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့တစ်ရပ်ကို ဒီကနေ့ ဖေဖော်ဝါရီလ ၅ရက်နေ့မှာ ရယူလိုက်ပြန်ပါတယ်။
ဒီကနေ့ကျင်းပတဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ အထူးဘွဲ့နှင်းသဘင်အခမ်းအနားမှာ စစ်ခေါင်းဆောင်ကို “ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ ” (Honorary Doctor of Public Administration – D.P.A) ကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါဘွဲ့ ပေးအပ်ရခြင်းရဲါ အကြောင်းပြချက်အဖြစ် “နိုင်ငံရေးနဲ့ စီးပွားရေး စိန်ခေါ်မှုများကို စီမံခန့်ခွဲနိုင်ခြင်း၊ တည်ငြိမ်အေးချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကြိုးပမ်းဆောင်ရွက်ခြင်း” လို့ ဘွဲ့နှင်းသဘင်မှာ ဂုဏ်ပြုလွှာဖတ်ကြားခဲ့ပေမယ့်လည်း လက်တွေ့မြေပြင်အခြေအနေနဲ့ကတော့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေကြောင်း လေ့လာသူများက ထောက်ပြကြပါတယ်။
“ပြည်သူ့ရေးရာစီမံခန့်ခွဲမှု (Public Administration) ဆိုတဲ့ ဘွဲ့နဲ့ လက်ရှိ တိုင်းပြည်အခြေအနေက ပြဒါးတစ်လမ်း သံတစ်လမ်းပါပဲ။ စစ်ကိုင်းနဲ့ မကွေးမှာ ရွာလုံးကျွတ် မီးရှို့ခံနေရတယ်။ ကုန်ဈေးနှုန်းတွေက အဆမတန်တက်ပြီး လူထုက ငတ်မွတ်ခေါင်းပါးလုနီးပါး ဖြစ်နေတယ်။ ဒီလို အုပ်ချုပ်ရေးပျက်ကွက်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ခေါင်းဆောင်တစ်ယောက်ကို သမိုင်းဝင် ရန်ကုန်တက္ကသိုလ်ကြီးက ဒီလိုဘွဲ့မျိုး ပေးတယ်ဆိုတာ တက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာကိုပါ ရိုက်ချိုးလိုက်တာပါပဲ” လို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းတစ်ဦးက ဝေဖန်ထားပါတယ်။
ဒီကနေ့ ဘွဲ့ပေးပွဲအခမ်းအနားမှာ ရုရှားအပါအဝင် နိုင်ငံအချို့မှ တက္ကသိုလ်အချို့ရဲ့ ကိုယ်စားလှယ်များကလည်းတက်ရောက်ဂုဏ်ပြုစကား ပြောကြားခဲ့ကြပြီး စစ်ခေါင်းဆောင်ရဲ့ “ခေါင်းဆောင်မှုအရည်အသွေး” ကို ချီးကျူးခဲ့ကြပါတယ်။
ဒါပေမယ့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများကတော့ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးမှု စံချိန်တင် မြင့်တက်နေချိန်မှာ အခုလို ဂုဏ်ပြုမှုများ ပြုလုပ်နေခြင်းဟာ မြန်မာပြည်သူများရဲ့ ခံစားချက်ကို လှောင်ပြောင်သလို ဖြစ်နေတယ်လို့ ဆိုကြပါတယ်။
အရင်ကလည်း ရုရှားနိုင်ငံမှ ပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့များကို လက်ခံရယူခဲ့ဖူးတဲ့ စစ်ခေါင်းဆောင်ဟာ အခုအခါ ပြည်တွင်းရှိ တက္ကသိုလ်များမှ ဘွဲ့များကိုပါ ဆက်တိုက် ရယူလာခြင်းဖြစ်ပါတယ်။
တိုင်းပြည်စီးပွားရေး ဇောက်ထိုးဆင်းကာ လုံခြုံမှုကင်းမဲ့နေသည့် အခြေအနေမှာ “ပြည်သူ့အုပ်ချုပ်ရေး ပါရဂူ” ဆိုတဲ့ ဘွဲ့နာမည်ဟာ လူထုအကြား ရယ်သွမ်းသွေးစရာနဲ့ ဒေါသထွက်စရာ ခေါင်းစဉ်တစ်ခု ဖြစ်နေပါတယ်။