အပိုင်း ၃ ပိုင်းခွဲလုပ်ခဲ့တဲ့ စစ်တပ်ရဲ့ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) ပါတီက ခိုင်လုံမဲ ၄၄ ဒသမ ၁၉ ရာခိုင်နှုန်းနဲ့ အနိုင်ရရှိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ဖေဖော်ဝါရီ ၉ ရက်က ထုတ်ပြန်ပါတယ်။
စစ်တပ်ကစိတ်ကြိုက်ချယ်လှယ်လုပ်ခဲ့တဲ့ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက် ကစတင်ခဲ့ပြီး အပိုင်း ၃ ပိုင်းခွဲကာ ကျင်းပခဲ့တာပါ။
တစ်နိုင်ငံလုံးဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄ သန်းကျော်ထဲက ဆန္ဒမဲပေးသူ ၁၃ ဒသမ ၁၄ သန်းကျော်ရှိခဲ့ပြီး စစ် တပ်ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ဖွံ့ပါတီက ခိုင်လုံမဲ စုစုပေါင်း ၄၄ ဒသမ ၁၉ ရာခိုင်နှုန်း ရရှိခဲ့ တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၁၃ ဒသမ ၂၈ ရာခိုင်နှုန်း၊ ပြည်သူ့ပါတီက ၈ ဒသမ ၈၀ ရာခိုင်နှုန်း၊ ပြည်သူ့ရှေ့ဆောင်ပါတီ ၇ ဒသမ ၆၂ ရာခိုင်နှုန်း၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ (ကျားဖြူပါတီ) က ၆ ဒသမ ၁၁ ရာခိုင်နှုန်းရရှိခဲ့သလို တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၂ ဒသမ ၃၁ ရာခိုင်နှုန်းရရှိခဲ့တယ်လို့ သိရပါတယ်။
ကြိုတင်မဲတွေ၊ မဲမသမာမှုတွေရှိခဲ့တယ်လို့ အဲဒီရွေးကောက်ပွဲဝင်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေက ဝေဖန်ထောက်ပြခဲ့ပေမယ့် UEC ကတော့ အတည်ပြုပေးလိုက်တာပါ။
ရွေးကောက်ပွဲရလဒ်တွေကို UEC က အခုလိုကြေညာလိုက်ပြီးတဲ့နောက် လာမယ့်မတ်လ နောက်ဆုံး အပတ်မှာ လွှတ်တော်ခေါ်သွားမယ်လို့လည်း သိရပါတယ်။
