အင်းစိန်အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ အလွတ်တန်းဓာတ်ပုံသတင်းထောက် မြတ်သူကျော်နဲ့ အခြားနိုင်ငံရေးအကျဉ်းသား (၃) ဦးကို ထောင်အာဏာပိုင်ရဲ့ စေခိုင်းချက်အရ ထိုင်ဝမ်မူးယစ်ရာဇာဂိုဏ်းဝင်များက ဝိုင်းဝန်းရိုက်နှက်နှိပ်စက်ခဲ့ကြောင်း AAMIJရဲ့ ထောင်တွင်းသတင်းအရင်းအမြစ်များအရ သိရပါတယ်။
ထောင်ဝန်ထမ်းဖြစ်သူ ထက်ပိုင်စိုး ဆိုသူက ၎င်းတို့အား ရိုက်နှက်ဖို့ စေခိုင်းခဲ့ခြင်းဖြစ်ပြီး နှိပ်စက်ခံရမှုကြောင့် မြတ်သူကျော်ရဲ့ လက်နဲ့ မျက်နှာမှာ ပြင်းထန်တဲ့ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ထိုင်ဝမ်မူးယစ်ရာဇာဂိုဏ်းဟာ ၂၀၁၅ ခုနှစ်က ရန်ကုန်မြို့အပါအဝင် နေရာအနှံ့အပြားမှာ မူးယစ်ဆေးပြား (၂) သန်းကျော်နဲ့အတူ စံချိန်တင် ဖမ်းဆီးခံခဲ့ရတဲ့ အဖွဲ့ဖြစ်ပါတယ်။
၎င်းတို့ဟာ အကျဉ်းထောင်အာဏာပိုင်များကို လာဘ်ငွေအမြောက်အမြား ပေးထားတာကြောင့် ထောင်အတွင်းရှိ အခြားအကျဉ်းသားများနဲ့မတူဘဲ အထူးအခွင့်အရေးများ ရရှိနေသူများဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုပါတယ်။
Reuters၊ Nur Photo နှင့် AAMIJ News တို့မှာ လုပ်ကိုင်ခဲ့တဲ့ ဓာတ်ပုံသတင်းထောက် မြတ်သူကျော်ဟာ ၂၀၂၃ ခုနှစ်အတွင်း ရန်ကုန်မြို့၊ ပန်းဆိုးတန်းမှာ သတင်းဓာတ်ပုံရိုက်ကူးနေစဉ် ဖမ်းဆီးခံခဲ့ရသူဖြစ်ပါတယ်။
ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးစခန်းမှာ ၎င်း၏ပေါင်ကို ဓားနဲ့ထိုးနှက်တဲ့အထိ အကြမ်းဖက်နှိပ်စက်ခံခဲ့ရသူဖြစ်ပါတယ်။
၎င်းအား ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)နဲ့ ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့ပြီး လွတ်ရက်စေ့ဖို့ (၂) လအလိုမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က)နဲ့ ထပ်မံတရားစွဲဆိုကာ စုစုပေါင်း ထောင်ဒဏ် (၈) နှစ်ခွဲအထိ ချမှတ်ခံထားရပါတယ်။
မြတ်သူကျော်ဟာ အင်းစိန်ထောင်အတွင်း အကြမ်းဖက်နှိပ်စက်ခံနေရတဲ့အပြင် တိုက်ပိတ်ပြစ်ဒဏ်များပါ ခံနေရခြင်းကြောင့် ၎င်းအား အမြန်ဆုံးပြန်လည်လွှတ်ပေးဖို့ CPJ (Committee to Protect Journalists)၊ IFJ (International Federation of Journalists)နဲ့ Article-19 အစရှိတဲ့ နိုင်ငံတကာ သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းများက ပြင်းထန်စွာ တောင်းဆိုထားကြပါတယ်။